အွန်လိုင်းပေါ်ကချစ်သူကို ယုံကြည်မိတဲ့အမျိုးသားရဲ့အဖြစ်

10351712-0-image-a-42_1551264454232.jpg

အွန်လိုင်းပေါ်ကချစ်သူကို လက်ထပ်ဖို့အထိရည်ရွယ်ထားခဲ့တဲ့ ကုန်လှောင်ရုံအလုပ်သမားတစ်ဦးဟာ အာဖရိကနိုင်ငံသူလူလိမ်အမျိုးသမီးတစ်ဦးက ပေါင် ၁၅,၀၀၀ လိမ်လည်သွားတဲ့အတွက် အသည်းကွဲခဲ့ရပါပြီ။

ဒေ့ဗ်ဟေဇယ် (Dave Hazel) ဟာ လင်ဒါစမစ်သ် (Linda Smith) လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးကို ၂၀၁၂ ခုနှစ်မှာ ချစ်သူများဆုံစည်းရာ website တစ်ခုမှာ တွေ့ဆုံမိပြီး ချစ်ကြိုက်ခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်ကျော်ကြာတဲ့အထိ စာအပြန်အလှန်ပို့ရင်းနဲ့ပဲ သူတို့ရဲ့ဆက်ဆံရေးကို ခိုင်မြဲစေခဲ့ပါတယ်။

အသက် (၅၉) နှစ်ရှိပြီဖြစ်တဲ့ ဒေ့ဗ်ဟေဇယ်ဟာ လင်ဒါကို လူချင်းမတွေ့ဖူးပေမဲ့ ဖုန်းတော့ ပြောဖြစ်ကြပါတယ်။ လင်ဒါဟာ သူနဲ့အတူ နေထိုင်ဖို့အတွက် ကနေဒါကနေ ယူကေကို ပြောင်းရွှေ့အခြေချမယ်လို့ အယုံသွင်းထားပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ငွေကြေးအကူအညီယူမှုတွေဟာ မကြာခဏဆိုသလို ဖြစ်လာပါတယ်။ နောဖော့ခ် (Norfolk) မှာနေထိုင်တဲ့ ဒေ့ဗ်ဟာ သူချစ်နေတဲ့ ကနေဒီယန်သူဟာ အမှန်တကယ်တော့ ဂါနာ (Ghana) က ဖြစ်နေတဲ့အခါ အလိမ်ခံနေရပြီဆိုတာ သိခဲ့ပါတယ်။

လင်ဒါအတွက် လေယာဉ်စရိတ်ကုန်ကျမှုတွေကို ပေးချေခဲ့တဲ့အတွက် သူအနေနဲ့ ပေါင် ၁၅,၀၀၀ ကုန်ကျခဲ့ပါတယ်။ သူစုထားတဲ့ငွေအားလုံး ဘာမှမကျန်တော့တဲ့အခါ လင်ဒါဟာ သူ့ကို အဆက်ဖြတ်သွားပြီး အင်တာနက်လိုင်းပေါ်ကနေလည်း ပျောက်သွားပါတော့တယ်။ အခုအချိန်ထိ တစ်ကိုယ်တည်းဖြစ်နေတဲ့ ဒေ့ဗ်ဟာ လင်ဒါနဲ့အတူ မိသားစုဘဝကို စတင်ဖို့ စီစဉ်ထားတာဖြစ်ပြီးတော့ ပထမဆုံးအကြိမ်မှာပဲ သူအလိမ်ခံလိုက်ရတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် skype သုံးပြီးတောင်မတွေ့ဖူးဘဲ နေ့တိုင်းဖုန်းပဲ ပြောဖြစ်ခဲ့ကြတာပါ။ ‘ကျွန်တော် သူ့ကို ချစ်မိသွားလို့ပါ။ သူက ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ၊ သူကလည်း ကျွန်တော်နဲ့အတူ နေချင်တယ်၊ ကျွန်တော်နဲ့ လက်ထပ်ပြီး ကလေးတွေ မွေးမယ်ဆိုပြီး ကျွန်တော်အမြဲတမ်း လိုချင်တဲ့အရာတိုင်းကို ကတိတွေပေးခဲ့တယ်’ လို့ဆိုပါတယ်။

အခုတော့ လင်ဒါဘက်က ငွေတောင်းဆိုမှုတွေ ပေါင် ၁၅,၀၀၀ ကျော်လာတဲ့အခါ ဒေ့ဗ်ရဲ့စိတ်ကူးယဉ်အိပ်မက်တွေ ပျက်စီးသွားပါပြီ။ သူ့ဆီလာဖို့အတွက် ဗီဇာအရှုပ်အထွေးတွေ၊ လေယာဉ်လက်မှတ်တွေရဲ့ ကုန်ကျစရိတ်တွေ ပေးချေဖို့ ငွေတောင်းတာလို့ပဲ ယုံကြည်ခဲ့ပါတယ်။

သူကဂါနာကနေလာမယ့် လေယာဉ်လက်မှတ်နဲ့ ပတ်သက်လို့ မေးတဲ့အခါ သူ့ရဲ့သံသယတွေကို နှိုးဆွလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဒေ့ဗ်ဟာ သူ့ကို ရှင်းပြဖို့ ပြောပါသေးတယ်။ သူ(မ)ကတော့ အလည်အပတ်အနေနဲ့ သွားတာလို့ပဲ ပြောပါတယ်။ ပြည်တွင်းဘဏ်ကို သွားရောက်ခဲ့ရာမှာတော့ ဒေ့ဗ်ဟာ လင်ဒါကို ငွေပို့ပေးခဲ့တဲ့ အထောက်အထားတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဝန်ထမ်းတွေကတော့ ဒေ့ဗ်ဟာ သူ့ဆန္ဒနဲ့ ငွေပို့ပေးခဲ့တဲ့အတွက် ပြန်ရနိုင်မှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။

ဒေ့ဗ်က ‘ဒီအချိန်က ကျွန်တော့်ဘဝအတွက် အဆိုးရွားဆုံးအချိန်တွေ ပါပဲ၊ ကျွန်တော် ဘယ်သူ့ကိုမှ မယုံကြည်ရဲတော့လို့ လတော်တော်များများ ကြာအောင် စကားမပြောနိုင်ဘူး၊ တစ်ယောက်ယောက်ကို တစ်ခါမှမတွေ့ဖူးဘဲနဲ့ ပိုက်ဆံတွေမပို့ပေးမိဖို့ ကျွန်တော် သင်ခန်းစာရလိုက်တယ်၊ ဒီအဖြစ်အပျက်က ကျွန်တော့်ကို အရမ်းခံစားရစေတယ်’ လို့ ဆိုခဲ့ပါတယ်။

Ref: www.dailymail.co.uk ” Warehouse worker, 59, who sent £15,000 to woman he had never met after she romanced him online is devastated to learn he had been conned by an African fraudster”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top