အောင်မြင်ကျော်ကြားမှုတွေရဲ့ အခြားတစ်ဘက်မှာပဲနေထိုင်သူ

Keanu-Reeves_06.jpg

နာကျင်မှု၊ ဆုံးရှုံးမှုတွေနဲ့ အသားကျနေတဲ့လူသားလို့ဆိုရလောက်တဲ့ ဟောလိဝုဒ်စတား ကီနူးရိဗ်စ် (Keanu Reeves) လိုလူစားမျိုးကတော့ ဒီကမ္ဘာမှာ အတော်လေးရှားပါလိမ့်မယ်။ The Matrix, Speed နဲ့ John Wick လိုရုပ်ရှင်ကားတွေနဲ့ အောင်မြင်မှုအလီလီဆွတ်ခူးထားသူဖြစ်ပေမဲ့လည်း အသက် (၅၅) နှစ်အရွယ်မင်းသားကြီးရဲ့ တကယ့်ဘဝကတော့ ကြေကွဲ၊ လွမ်းဆွေးစရာတွေနဲ့ပြည့်နှက်နေခဲ့တာပါ။ ဒါပေမဲ့ အဲဒီလိုနာကျင်လွမ်းဆွေးမှုတွေရဲ့ကြားမှာ သူ့ရဲ့ရည်ရွယ်ချက်တွေ၊ အလုပ်တွေကို မနစ်မွန်းနေစေခဲ့ပါဘူး။ လူတွေအတွက် သူတတ်အားသ၍အကူအညီတွေပေးရင်း၊ သူ့အလုပ်ကိုသူလုပ်ရင်း ဘဝကို ဆက်လက်ဖြတ်သန်းခဲ့ပါတယ်။

ကီနူးရိဗ်စ်က နာမည်ကျော်ဟောလိဝုဒ်သရုပ်ဆောင်ဖြစ်မလာခင်အချိန်တွေမှာ လောကဓံရဲ့ ညှင်းဆဲမှုကို စောစီးစွာခံစားခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။ သူ (၃) နှစ်သားအရွယ်မှာ ဖခင်ဖြစ်သူက မိသားစုကိုစွန့်ပစ်သွားတယ်။ ဆယ်ကျော်သက်အရွယ်နှစ်ကာလတွေကို စာသင်စာဖတ်ရခက်တဲ့ရောဂါရှိနေလျက်နဲ့ပဲ စာသင်ကျောင်း လေးကျောင်းထိ ပြောင်းရွှေ့သင်ကြားရင်း ကုန်လွန်ခဲ့ပါတယ်။ ဒီလိုနေခဲ့ရပေမဲ့ သူက ဘွဲ့ရတဲ့အထိ ကြိုးစားနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းတော့ ကံဆိုးမိုးမှောင်ကျမှုတွေက သူ့ဆီကို အလုံးအရင်းနဲ့ရောက်လာခဲ့ပါပြီ။ အချစ်ဆုံးသူငယ်ချင်းဖြစ်သူက အသက် (၂၃) နှစ်မှာ ဆေးလွန်ပြီးသေတယ်။ သူ့ရဲ့ ပထမဆုံးကလေးက အဖတ်မတင်ဘူး။ သူအရမ်းချစ်ရတဲ့ဇနီးသည်ဟာလည်း ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားပြန်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူ့အစ်မဖြစ်သူ သွေးကင်ဆာရောဂါဖြစ်နေကြောင်းကိုပါ ထပ်ပြီးသိလိုက်ရပါသေးတယ်။ ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ သူ့အစ်မရဲ့သွေးကင်ဆာရောဂါကတော့ ပြန်သက်သာသွားခဲ့ပါတယ်။ ဒီလိုဆိုးရွားလွန်းတဲ့အဖြစ်တွေကြားမှာ သူ့ကိုယ်သူအားတင်းဖြေသိမ့်ရင်း အထီးကျန်ဆန်လွန်းစွာနဲ့ပဲ နေထိုင်ခဲ့ရတာပါ။

မော်ဂန်ဖရီးမင်းနဲ့ သူ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Chain Reaction ဇာတ်ကားအတွက် လက်ထောက်ဒီဇိုင်နာလုပ်ခဲ့ဖူးသူတစ်ဦးက “ရိုက်ကူးရေးအပြီးသတ်ခါနီးနောက်ဆုံးရိုက်ရက်တွေမှာ သူက ရိုက်ကွင်မှားရှိတဲ့အကူလုပ်သားတွေအကုန်လုံးကို မနက်စာကော နေ့လယ်စာပါ ဝယ်ကျွေးဖူးတယ်… တကယ့်ကိုသဘောကောင်းပြီး လူတိုင်းနဲ့ သဟဇာတဖြစ်တဲ့လူပါပဲ” လို့ ပြောခဲ့ပြီး “ကျွန်တော်အလုပ်လုပ်ဖူးခဲ့သမျှ ရိုက်ကူးရေးအလုပ် ၃၀ လောက်မှာ သူ့လိုသဘောထားပြည့်ပြီး ဖော်ရွေတဲ့သရုပ်ဆောင်မျိုး တစ်ခါတောင်မတွေ့ဖူးဘူး။ အတော်များများက သူတို့ကိုယ်သူတို့ ကျွန်တော်တို့ထက် ပိုမြင့်တဲ့နေရာမှာရှိနေတယ်ဆိုပြီး ဘဝင်ကိုင်နေတဲ့သူချည်းပဲ။ သူကတော့အဲဒီလိုမဟုတ်ဘူး။ လူမှုဆက်ဆံရေးကလည်းညက်၊ သဘောထားကလည်းနူးညံ့လွန်းတဲ့ လူထူးဆန်းတစ်ယောက်ပဲ” လို့ ဆက်ပြောပြပါတယ်။

The Devil’s Advocate နဲ့ The Replacements ရုပ်ရှင်တွေ ရိုက်ကူးစဉ်က နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ အယ်လ် ပါချီနို (Al Pacino) နဲ့ ဂျန်နီ ဟက်ခ်မန်း (Gene Hackman) တို့ကို ငှားရိုက်နိုင်ဖို့အတွက် သရုပ်ဆောင်ခတေစ်ပြားတစ်ချပ်မှမယူဘဲ အလကားရိုက်ကူးပေးခဲ့သူကလည်း ကီနူးရိဗ်စ် ပါပဲ။

ဒါဟာ ကီနူးရိဗ်စ်ရဲ့ကောင်းသတင်းတွေအများကြီးထဲကမှ နည်းနည်းပဲရှိပါသေးတယ်။ သူကတော့ သူရဲ့ သဘောကောင်းမှု၊ ရက်ရောမှုကို လူတွေသတိထားမိအောင် ဘယ်တုန်းကမှ ဟန်ရေးမပြနေခဲ့ဖူးပါဘူး။ သူလှူဒါန်းသမျှ၊ ကူညီသမျှတွေကို လူမသိသူမသိအောင် သိုသိုသိပ်သိပ်ပဲ လုပ်လေ့ရှိသူဖြစ်ပါတယ်။ သူတည်ထောင်ထားပြီး သူ့နာမည်တပ်မထားတဲ့ ဖောင်ဒေးရှင်းက ကလေးဆေးရုံတွေနဲ့ ကင်ဆာရောဂါသုတေသနလုပ်ငန်းတွေအတွက် အထောက်အပံ့တွေပေးနေခဲ့တာကလည်း အခုဆိုရင် နှစ်အတော်ကြာခဲ့ပါပြီ။

ရိဗ်စ်က ပျော်ရွှင်မှုကို ငွေကြေးနဲ့ အလဲအလှယ်လုပ်လို့မရဘူးလို့ ခံယူထားသူပါ။ “ကျွန်တော်ကတော့ ပိုက်ဆံနဲ့ ပျော်ရွှင်မှုကို မဆက်စပ်ထားဘူး။ ကျွန်တော့်အလုပ်ကို ကျွန်တော်အာရုံစိုက်လုပ်တယ်၊ ကောင်းအောင်လုပ်တယ်။ ကျွန်တော်ရလာတဲ့အောင်မြင်မှုတချို့တလေက နောက်ထပ်အသစ်တွေထပ်ဖန်တီးဖို့ တွန်းအားတွေဖြစ်လာတာပါပဲ” လို့ ရိဗ်စ်က ပြောပြပါတယ်။

နာမည်ကျော်ဟောလိဝုဒ်သရုပ်ဆောင်တစ်ယောက်လို့ မထင်ရလောက်အောင်ပဲ သူ့ရဲ့ဘဝနေထိုင်မှုက ရိုးရှင်းလွန်းလှပါတယ်။ အစားအသောက်ကို သာမန်ဆိုင်လေးတွေမှာစား ဒါမှမဟုတ်ရင် ဝယ်ပြီး လမ်းဘေးမှာထိုင်စားချင်လည်း စားနေတာပါပဲ။ သာမန်ရထားလိုင်းနဲ့သွားလာပြီး သာမန်လူတစ်ယောက်လိုပဲ နေတတ်ပါတယ်။ ဒေါ်လာသန်းနဲ့ချီချမ်းသာနေပေမဲ့ အိမ်ကြီးအိမ်ကောင်းဆိုတာလည်း သူ့မှာမရှိပါဘူး။ သူရသမျှဝင်ငွေအများစုကိုလည်း သူ့ရဲ့ပရဟိတအလုပ်တွေအတွက်ပဲသုံးစွဲတာဖြစ်ပြီး ထင်ပေါ်ပလွှားမှုတွေကိုရှောင်ရှားလို့ ဘဝကို ရိုးရိုးရှင်းရှင်းပဲနေထိုင်တတ်သူဖြစ်တာကြောင့် လေးစားအားကျဖွယ်ရာလူသားတစ်ဦးပဲ ဖြစ်ပါတယ်။

Ref: theepochtimes
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top