ONE: Legendary Quest ကို လက်မလွတ်သင့်သည့်အချက် (၅) ချက်

Phoe-Thaw-ADUX2929-1200x800.jpg

ONE Championship ၏ (၉၇) ကြိမ်မြောက်ပြိုင်ပွဲအဖြစ် ကျင်းပမည့် ONE: Legendary Quest ပြိုင်ပွဲကြီးကို ဇွန် (၁၅) ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၊ Baoshan Arena အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ ONE ၏ ကမ္ဘာ့ချန်ပီယံများ၊ နိုင်ငံတကာကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားများနှင့် တရုတ်နိုင်ငံမှ ပါရမီရှင်ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည့် အဆိုပါပြိုင်ပွဲကြီးကို
အဘယ်ကြောင့်လက်လွတ်မခံသင့်သည်ဆိုခြင်းအား အချက်အလက်နှင့်တကွ တင်ပြလိုက်ရပါသည်။

(၁) နုပျို၊ လှပ၊ ရဲရင့်မှုတို့၏ ချန်ပီယံစိန်ခေါ်ပွဲ

ယခုပြိုင်ပွဲ၏ အဓိကအဓိကတွဲဆိုင်းဖြစ်သော အက်တမ်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲသည် တမူထူးခြားသည့် တွဲဆိုင်းတစ်တွဲ ဖြစ်သည်။ ပြိုင်ပွဲဝင်ကစားသမားနှစ်ဦးစလုံးသည် ငယ်ရွယ်နုပျိုသည့် မိန်းမပျိုလေးများဖြစ်ကြသလို ကိုယ်ခံပညာပိုင်းတွင်လည်း တစ်ဘက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်နေကြသည့် ကစားသမားများဖြစ်ကြသည်။

အက်တမ်ဝိတ်တန်း မွေထိုင်းနှင့် Kick Boxing နှစ်မျိုးစလုံးတွင် ကမ္ဘာ့ချန်ပီယံခါးပတ်များကိုသိမ်းပိုက်ထားသည့် ထိုင်းနိုင်ငံသူ Stamp Fairtex သည် အသက် (၂၁) နှစ်သာ ရှိသေးသည့်မိန်းမငယ်လေးဖြစ်သည်။ အလားတူ ၎င်းကိုစိန်ခေါ်လာသည့် သြစတြေးလျသူလေး Alma Juniku သည်လည်း အသက် (၁၈) နှစ်သာ ရှိသေးသည့်တိုင် WBC မွေထိုင်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို သိမ်းပိုက်ထားသူ ဖြစ်သည်။

နှစ်ဦးစလုံးကလည်း ကိုယ်ခံပညာအားကစားသမားဟူသည့်ဂုဏ်ပုဒ်နှင့်ပင်မလိုက်အောင် နုနယ်လှပသည့် မိန်းမငယ်လေးများဖြစ်ကြသဖြင့် ၎င်းတို့၏တွေ့ဆုံမှုသည် ပုရိသပရိသတ်များ၏ အာရုံကိုဖမ်းစားနိုင်လိမ့်မည် ဖြစ်သည်။ အပေါ်ယံရုပ်ရည်ရူပကာထက် အတိုက်အခိုက်စွမ်းရည်မည်သူက ပိုမိုသာလွန်သည်ဆိုခြင်းကိုတော့ ကြိုးဝိုင်းထဲတွင်သာ အဖြေပေါ်ပေလိမ့်မည်။

(၂) ဂန္ထဝင်ကစားသမားကြီး၏ ပွဲဦးထွက်

ဒုတိယအဓိကတွဲဆိုင်းအဖြစ် စီစဉ်ထားသော တွဲဆိုင်းတွင် မလေးရှား၏အကောင်းဆုံးလူငယ်ကစားသမား Agilan “Alligator” Thani နှင့် ရင်ဆိုင်မည့် ပြိုင်ဘက်မှာ တစ်ချိန်က တောင်ကိုရီးယားနှင့် ဂျပန်တွင် ရေပန်းအစားဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားကြီး Yoshihiro “Sexy Yama” Akiyama ဖြစ်သည်။

K-1 HERO’s ၏ လိုက်ဟဲဗီးဝိတ် Grand Prix တွင် ချန်ပီယံဖြစ်ခဲ့ဖူးသည့် Akiyama သည် ယခုပွဲကို ONE Championship တွင် ပထမဆုံးပွဲဦးထွက်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခြင်းလည်း ဖြစ်သည်။ ဂျူဒိုအားကစားတွင် အာရှရွှေတံဆိပ်ရခဲ့ဖူးသည့် Akiyama သည် UFC, Dream, K-1, HERO’s စသည့် ကမ္ဘာ့အဆင့်အမြင့်ဆုံး ပြိုင်ပွဲများတွင် ကျင်လည်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ၂ဝ၁၅ နိုဝင်ဘာ နောက်ပိုင်း ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပွဲများနှင့် အဆက်ပြတ်နေခဲ့ကာ ယခုမှတစ်ကျော့ပြန် ကြိုးဝိုင်းထဲဝင်လာသူလည်း ဖြစ်သည်။

အသက်အရွယ်အားဖြင့် (၄၃) နှစ် ရောက်နေသည့်တိုင် ၎င်း၏ ကိုယ်ခံပညာစွမ်းရည်များကိုထိန်းသိမ်းထားဆဲ ဖြစ်ပြီး အတွေ့အကြုံနှင့် ပေါင်းစပ်ကာ အကောင်းဆုံးယှဉ်ပြိုင်နိုင်မည့် ကစားသမားကြီးလည်း ဖြစ်သည်။

(၃) စိတ်ဝင်စားစရာ ဖိုးသော်၏ တွဲဆိုင်း

ယခုပြိုင်ပွဲကြီးတွင် ONE ၏ မြန်မာ ကစားသမားတစ်ဦး ဖြစ်သော “ဘူရှီဒို” ဖိုးသော်၏ တွဲဆိုင်းတစ်တွဲလည်း ပါဝင်မည် ဖြစ်သည်။ ပြိုင်ပွဲကြီး၏ ပထမဆုံးတွဲဆိုင်းအဖြစ်ယှဉ်ပြိုင်ရသည့် အဆိုပါပွဲတွင် ဖိုးသော်သည် အင်ဒိုနီးရှား နိုင်ငံသား Victorio “Indra” Senduk နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ IBC ဖယ်သာဝိတ်တန်းချန်ပီယံ ဖြစ်ခဲ့ဖူးသည့် Senduk သည် နိုင်ငံ့လက်ရွေးစင် ဝူရှူးအားကစားသမားဟောင်း ဖြစ်ပြီး ဖိုးသော်အတွက် အကောင်းဆုံးပြိုင်ဘက် ဖြစ်လာမည် ဖြစ်သည်။

ယခုပွဲသည် ဖိုးသော်အတွက် ပြည်ပတွင် ပထမဆုံးနိုင်ငံခြားထွက်ပြီးယှဉ်ပြိုင်ရသည့်ပွဲဖြစ်လာပြီး လတ်တလောတွင် အမေရိကန်နိုင်ငံအထိသွားရောက်ကာ လေ့ကျင့်မှုများကို အပြင်းအထန်ပြုလုပ်လျက် ရှိသည်။ Senduk သည် ဖိုးသော်ကဲ့သို့ပင် အသက်ကြီးမှ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကထဲဝင်လာသူ ဖြစ်သဖြင့် အတွေ့အကြုံပိုင်းတွင် မတိမ်းမယိမ်းဖြစ်သည်။ ဖိုးသော် အနိုင်ရဖူးသည့် Sor Sey, Yohan, Mulia Legowo တို့နှင့် ရင်ဆိုင်ခဲ့ဖူးပြီး Legowo ကို အနိုင်ရခဲ့သော်လည်း Sor Sey ကို ရှုံးနိမ့်ထားသည်။ ယခုပွဲသည် အကြိတ်အနယ်ရှိမည့် တွဲဆိုင်းတစ်ဆိုင်းဖြစ်ကာ မြန်မာပရိသတ်များ လက်လွတ်မခံသင့်သည့်ပွဲလည်း ဖြစ်သည်။

(၄) တရုတ်ကိုယ်ခံပညာအားကစားသမားများ၏ လက်စွမ်း

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုယ်ခံပညာဖြင့်aကျာ်ကြားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ကိုယ်ခံပညာကို ရုပ်ရှင်၊ ဗီဒီယို၊ စာပေ၊ ဂီတနှင့် အခြား ဖျော်ဖြေရေးနည်းလမ်းမျိုးစုံတို့တွင် တွင်တွင်ကျယ်ကျယ်ထည့်သွင်း တင်ဆက်နေသည့် နိုင်ငံဖြစ်သလို ကိုယ်ခံပညာကို အမှန်တကယ်ကျွမ်းကျင်တတ်မြောက်သည့် ပညာရှင်များလည်းများစွာရှိသည်။

၎င်းတို့၏ ကိုယ်ခံပညာစွမ်းရည်များကို ယခုjပိုင်ပွဲကြီးတွင် မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရမည် ဖြစ်သည်။ ယခုပြိုင်ပွဲတွင် Han Zi Hao နှင့် “Muay Thai Boy” Zhang Chenglong တို့သည် ဥရောပသား ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး “Rock Man” Chen Lei, Niu Kang Kang နှင့် “King Kong Warrior” Fan Rong တို့မှာလည်း လက်စွမ်းထက်မြက်သည့်ပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ထို့ကြောင့် အရည်အသွေးမြင့် တရုတ်ကိုယ်ခံပညာအားကစားသမားများ၏လက်စွမ်းကို Baoshan Arena အားကစားကွင်းကြီးထဲတွင် မြင်တွေ့ရတော့မည် ဖြစ်သောကြောင့် လက်လွတ်မခံသင့်သည့် ပြိုင်ပွဲကြီး ဖြစ်သည်။

(၅) ပွဲဆက်ဝေးခြင်း

ONE Championship သည် ပြီးခဲ့သည့် မေလအတွင်းက For Honor, Warriors of Light နှင့် Enter the Dragon ဟူသည့် ပြိုင်ပွဲကြီး (၃) ပွဲကို နိုင်ငံ (၃) နိုင်ငံခွဲကာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့သော်လည်း ယခုလ အတွင်းတွင် Legendary Quest ပြိုင်ပွဲတစ်ပွဲသာ ကျင်းပမည် ဖြစ်သည်။ ထို့ပြင် နောက်ဆုံးကျင်းပခဲ့သည့် Enter the Dragon ပြိုင်ပွဲသည် ယခုပြိုင်ပွဲနှင့် (၂၉) ရက် တိတိကွာသလို လာမည့် ဇွန်လတွင်ကျင်းပမည့်
Masters of Destiny ပြိုင်ပွဲသည်လည်း ယခုပြိုင်ပွဲနှင့် (၂၇) ရက် ကွာဟနေသည်။

ထို့ကြောင့် ယခုပြိုင်ပွဲကို လက်လွတ်လိုက်ရမည့် ONE Championship ပရိသတ်သည် ပြိုင်ပွဲကြီးများနှင့် နှစ်လနီးပါး ဝေးကွာနေရမည် ဖြစ်သည်။ ကြားကာလထဲတွင် ရသေ့စိတ်ဖြေကြည့်ရှုစရာ ဟူ၍ ONE Warrior Series နှင့် ONE Hero Series တစ်ပွဲစီသာ ရှိသည်။ ထို့ကြောင့် ပွဲဆက်များ ဝေးလွန်းသည့်ကာလဖြစ်၍ ရှိသည့်ပြိုင်ပွဲကို လက်လွတ်ခံရန်မသင့်ပေ။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top