အခိုးခံရတဲ့စက်ဘီးကို ဝယ်ပြီး ပိုင်ရှင်ဆီပြန်ပေးခဲ့သူ

yyl-025-11.jpg

ဒုက္ခရောက်နေတဲ့သူ၊ အကူအညီလိုနေတဲ့သူကို ကူညီပေးတာကလည်း လူတိုင်းမှာရှိသင့်တဲ့ အကြင်နာတရားပါပဲ။ အဲဒီလိုပဲ လီဗာပူးမြို့က လူငယ်လေးတစ်ယောက်ဟာ လူသားဆန်အောင် ဘယ်လိုနေရမလဲဆိုတာ စံနမူနာပြရင်းနဲ့ တွစ်တာအကောင့်မှာ လူပြောများလို့နေပါတယ်။

SteBurke44 အကောင့်ပိုင်ရှင် အဲဒီလူငယ်လေးက စက်ဘီးတစ်စီးကို လူတစ်ယောက်ရောင်းနေတာမြင်ပြီး ဒီစက်ဘီးဟာ ခိုးထားတဲ့စက်ဘီးဆိုတာ သိရှိခဲ့ပါတယ်။ ခန့်မှန်းခြေအရ ဒေါ်လာ (၁၇၆၀) တန် တန်ဖိုးကြီးစက်ဘီးကို ဆုံးရှုံးလိုက်ရရင် ဘယ်လောက်တောင် စိတ်ထိခိုက်ရမလဲဆိုတာကို အဲဒီလူငယ်လေးက ကိုယ်ချင်းစာမိခဲ့ပါတယ်။ ဒါကြောင့် ပိုင်ရှင်ဆီ ပြန်ပေးဖို့အတွက် အဲဒီစက်ဘီးကို ဝယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူဟာ သူခိုးတွေဆီကနေ (၁၀၄) ဒေါ်လာ နဲ့ စက်ဘီးကို ဝယ်ယူခဲ့ပြီး တွစ်တာကနေ စက်ဘီးပိုင်ရှင်ကို ရှာပါတော့တယ်။ “ဘယ်သူများ စက်ဘီးအခိုးခံလိုက်ရလဲ။ ဒီစက်ဘီးကို ဒေါ်လာ (၁၀၄) နဲ့ ဝယ်ခဲ့ပါတယ်။ သော့လည်းခတ်ထားပါတယ်။ ဒါက Crosby အနီးနားတစ်ဝိုက်ကပါ။ ပိုင်ရှင်ဆီ ပြန်ပေးချင်တဲ့အတွက် ကျွန်တော် ဝယ်ထားပါတယ်။ ဒေါ်လာ (၁၇၆၀) တန် စက်ဘီးဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်သာ ဒီစက်ဘီးကို အခိုးခံလိုက်ရရင် ယူကြုံးမရဖြစ်မိမှာပါ” ဆိုပြီး တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။

မကြာခင်မှာပဲ သူ့ဆီကို တစ်ယောက်ယောက်က ဆက်သွယ်လာခဲ့ပြီး အဲဒီလူဆီမှာ စက်ဘီးသော့ရယ်၊ လိုအပ်တဲ့စာရွက်စာတမ်းတွေလည်း ရှိပါတယ်။ အဲဒီလူ့ရဲ့အိမ်ကို သူခိုးဝင်ခိုးခဲ့တာဖြစ်ပြီး သူခိုးတွေက စက်ဘီးအပြင် Credit Card တွေနဲ့ ပတ်စပို့တွေလည်း ယူသွားခဲ့တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။SteBurke44 အကောင့်ပိုင်ရှင် လူငယ်လေးက သူ ပေးဝယ်ခဲ့ရတဲ့ စက်ဘီးဖိုးကို ပြန်တောင်းဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။

တွစ်တာအသုံးပြုသူတွေက သူ့နဲ့အတူ စက်ဘီးအတွက် ပိုက်ဆံမျှခံမယ်လို့ ကမ်းလှမ်းပြောဆိုခဲ့တာတောင် သူက အခြားသူတွေဆီက ပိုက်ဆံယူဖို့ ငြင်းပယ်ခဲ့ပါတယ်။ သူက တစ်စုံတစ်ယောက်ရဲ့မျက်နှာက အပြုံးကို မြင်နေရရင်ပဲ ပျော်ရွှင်နေမိတာလို့ ပြောပါတယ်။ သူ့ရဲ့လေးစားလောက်စရာအပြုအမူကို သိရှိသွားတဲ့ Halfords ကုမ္ပဏီကလည်း သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စက်ဘီးအသစ်တစ်စီးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

Ref: After Noticing A Stolen $1,760 Bike For Sale, This Man Buys It For $104 And Asks For Twitter’s Help To Locate The Owner

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top