ရုပ်ပြဇာတ်ကောင်အဖြစ်ကနေ ရုပ်ရှင်ဇာတ်ကောင်အဖြစ်နဲ့ အသက်ဝင်လာတော့မယ့် “တာယာပွကြီး”

yyl-006-2.jpg

၁၉၉၀ ပြည့်နှစ်ဝန်းကျင်လောက်စပြီး လူကြိုက်များကျော်ကြားခဲ့တဲ့ “တာယာပွကြီး” ရုပ်ပြဇာတ်ကောင်ကို ပရိသတ်အတော်များများ အမှတ်ရနေကြဦးမယ်လို့ထင်ပါတယ်။ စာအုပ်အငှားဆိုင်တွေ ကျဲပါးပျောက်ကွယ်သွားမှုနဲ့အတူ တာယာပွကြီး ကိုလည်း ဒီဘက်ခုနှစ်တွေမှာ သိပ်မတွေ့ကြရတော့ပါဘူး။

တာယာပွကြီး ဆိုတဲ့ ရုပ်ပြဇာတ်ကောင်ကို ၁၉၉၅ ခုနှစ်မှာ စာရေးဆရာဗျူးနဲ့ ကာတွန်းဝိဇ္ဇာတို့ အတူတွဲဖက်ဖန်တီးခဲ့တာဖြစ်ပြီး လုံးချင်းအုပ်ရေ (၂၅) အုပ်ကျော်၊ ကာတွန်းဇာတ်လမ်းတိုအပုဒ်ရေ (၄၀) ကျော်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ တချို့ရုပ်ပြတွေက ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်လည်ရိုက်ကူးရတဲ့အဖိအာင်မြင်မှုရခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆရာဗျူးနဲ့ ကာတွန်းဝိဇ္ဇာတို့အကြား သဘောထားမတိုက်ဆိုင်မှုတချို့ရှိလာတာကြောင့် ၂၀ဝ၂ ခုနှစ်မှာ လမ်းခွဲလိုက်ကြပါတယ်။ လမ်းခွဲပြီးတဲ့နောက်မှာလည်း တာယာပွကြီး ရုပ်ပြတွေကို သီးခြားပုံစံတွေနဲ့ ဆက်လက်ထုတ်ဝေခဲ့ကြပါသေးတယ်။

အခုအချိန်မှာတော့ တာယာပွကြီး ရဲ့ အမာခံပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းရှိနေပါပြီ။ ဒီဘက်ခေတ်မှာ မတွေ့ရတော့တဲ့ ရုပ်ပြစာအုပ်ထဲက တာယာပွကြီး က ရုပ်ရှင်ဇာတ်ကောင်အဖြစ်နဲ့ ပရိသတ်တွေဆီကို ပြန်လာတော့မှာပါ။ တာယာပွကြီး ရဲ့ ရုပ်ရှင်ဇာတ်လမ်းတိုလေးတွေကို Facebook ပေါ်မှာပဲ အဆင်ပြေပြေကြည့်ရှုနိုင်ကြမှာလည်းဖြစ်ပါတယ်။ မူရင်းဖန်တီးသူတွေဖြစ်တဲ့ စာရေးဆရာဗျူးနဲ့ ကာတွန်းဝိဇ္ဇာတို့ရဲ့ ခွင့်ပြုချက်ရယူပြီးမှ ရိုက်ကူးထုတ်လွှင့် ဖြစ်ပါတယ်။

သရုပ်ဆောင်မယ့်သူတွေထဲမှာတော့ နာမည်ကြီးမင်းသား၊ မင်းသမီးတစ်ဦးမှ မပါဝင်နေပါဘူး။ တာယာပွကြီးအဖြစ်သရုပ်ဆောင်မယ့်သူက နတ်မောက်စင်တာအင်္ဂလိပ်စာသင်တန်းတည်ထောင်သူ အင်္ဂလိပ်စာဆရာ မင်းကိုကို ဖြစ်ပါတယ်။ အသက် (၂၈) နှစ်အရွယ် မင်းကိုကိုက တာယာပွကြီး ဇာတ်ကောင်ကို အရူးအမူးရူးစွဲလန်းသူတစ်ဦးပါ။အောင်မြင်နေတဲ့အင်္ဂလိပ်စာသင်တန်းဆရာတစ်ဦးဖြစ်နေပေမဲ့လည်း သူ့ရဲ့ဝါသနာက ဟာသသရုပ်ဆောင်တစ်ဦး ဖြစ်လာဖို့လို့ဆိုပါတယ်။

သူ့အနေနဲ့ ဇာတ်လမ်းတိုရုပ်ရှင်ရိုက်ကူးတာနဲ့ ပတ်သက်ရင် အစိမ်းသတ်သတ်ဖြစ်နေတာကြောင့် တာယာပွကြီးရုပ်ရှင် အကောင်အထည်ပေါ်လာဖို့ သရုပ်ဆောင်ရှာရတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းရေးသားရတာတွေအပြင် Preproduction နဲ့ပတ်သက်ပြီး အခက်အခဲတွေများစွာ ရင်ဆိုင်ခဲ့ရတယ်လို့ မင်းကိုကိုက ဆိုပါတယ်။ ဒါ့အပြင် သူကိုယ်တိုင် ပထမဦးဆုံးအကြိမ် ခေါင်းဆောင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူအဖြစ်နဲ့ လုပ်ကိုင်သွားမှာဖြစ်လို့ အရမ်းစိတ်လှုပ်ရှားနေရတယ်လို့လည်း ပြောပါတယ်။

“ဒါတွေအကုန်လုံးလုပ်နိုင်မယ်လို့ ယုံကြည်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကိုက တာယာပွကြီးကို ရူးသွပ်တဲ့သူဖြစ်နေလို့ပဲ” လို့ မင်းကိုကိုက မြန်မာတိုင်းမ်စ်နဲ့ အင်တာဗျူးမှာပြောပြခဲ့ပါတယ်။

တာယာပွကြီးရုပ်ရှင်ကို ဇာတ်လမ်းတိုလေးတွေအဖြစ်နဲ့ သုံးလတစ်ကြိမ် ထုတ်လွှင့်ပြသသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ တာယာပွကြီး၊ နေထက်ပူပြင်း၊ မိုးလုံးဟိန်းချုံးနဲ့ သန်းဇော် တို့နေရာတွေအတွက် ကိုက်ညီတဲ့သရုပ်ဆောင်အားလုံးကိုရရှိထားပြီးတာကြောင့် ဇာတ်ကောင်အားလုံးပါဝင်ထားတဲ့ ပထမဆုံးတာယာပွကြီးရုပ်ရှင်ဇာတ်လမ်းတို “ကန်တော့ပွဲ” ကို လာမယ့် နိုဝင်ဘာလ (၁၆) ရက်မှာ “တာယာပွကြီးရုပ်ရှင်” ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ စတင်ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။

Ref: တာယာပွကြီးရုပ်ရှင် FB

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top