စွမ်းဆောင်ရည်အလန်းစားပါတဲ့ တန်ဖိုးသင့်ဖုန်းတစ်လုံးဝယ်ချင်တယ်ဆိုရင်

yyl-008-3.jpg

လက်ရှိကိုယ်သုံးနေတဲ့ဖုန်းက မော်ဒယ်နိမ့်နေပြီလို့ ခံစားနေရလား။ အဆက်မပြတ်အသစ်ထွက်နေတဲ့ဖုန်းတွေအကုန်လုံးကတော့ လိုချင်စရာတွေချည်းပါပဲ။ ထွက်သမျှအသစ်ဝယ်ဖို့ဆိုတာကလည်း ကိုယ့်ဝင်ငွေနဲ့ချိန်ဆရတာမို့ လူတိုင်းအတွက် မဖြစ်ပြန်ပါဘူး။ ဒါကြောင့် တန်ဖိုးအသင့်အတင့်နဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ဖုန်းတစ်လုံးကို ဝယ်နိုင်အောင် သတိပြုပြိး ရွေးချယ်သင့်တဲ့အချက်အလက်တချို့ကို ဖော်ပြပေးလိုက်ပါရစေ။

(၁) ဘာကိုဦးစားပေးသုံးချင်တာလဲ

ကိုယ်ဝယ်မယ့်ဖုန်းအတွက် ဦးစားပေးအချက်ဟာ မျက်နှာပြင်အကျယ်လား၊ ဘက်ထရီသက်တမ်းလား၊ ကင်မရာအရည်အသွေးလား ဂိမ်းအတွက်လား စသဖြင့် အရင်ဆုံးစဉ်းစားထားဖို့ကအရေးကြီးပါတယ်။ ဒါမှသာ တကယ်တမ်းသွားဝယ်တဲ့အချိန်မှာ ဗျာများမနေရမှာပါ။

(၂) အလယ်အလတ်တန်းစားဖုန်းတွေကိုလျော့တွက်မထားပါနဲ့

ဈေးကွာဟချက်ရှိပေမဲ့ အသေအချာရွေးချယ်တတ်မယ်ဆိုရင် အရည်အသွေးမြင့်တန်ဖိုးကြီးဖုန်းနီးနီး စွမ်းဆောင်ရည်ရှိတဲ့ အလယ်အလတ်တန်းစားဖုန်းကို ရနိုင်ပါတယ်။

(၃) အရောင်းပွဲတော်တွေမှာဝယ်ပါ

အားလပ်ရက်အရောင်းပွဲတော်တွေမှာ Discount ချပြီးရောင်းတာတွေရှိတတ်ပါတယ်။ ဒါပေမဲ့ ဖုန်းမှာ ပြဿနာတစ်ခုခုပါလာခဲ့ရင် အလွယ်တကူ ပြန်လဲပေးနိုင်မယ့်ဆိုင်ကပဲဝယ်ပါ။

(၄) ပြီးခဲ့တဲ့နှစ်က ထွက်ထားတဲ့ဖုန်းတွေ

ဒီလိုဖုန်းမျိုးတွေကလည်းတန်ပါတယ်။ ဘာကြောင့်လဲဆိုရင် အရမ်းကြီးခေတ်နောက်ကျသွားတဲ့မော်ဒယ်လ်မျိုးမဟုတ်တာကြောင့်ပါ။ အသစ်ထွက်လာမယ် ဖုန်းမော်ဒယ်လ်ကို သွားရည်ကျရုံပဲကျရင်း မနှစ်ကထွက်ထားတဲ့ဖုန်းကို ဈေးသက်သက်သာသာနဲ့ဝယ်သုံးသင့်ပါတယ်။

(၅) စမ်းသုံးကြည့်ပြီးမှဝယ်ပါ

သူငယ်ချင်းကို ဝယ်ခိုင်းလိုက်တာမျိုး၊ အဖေ အမေကိုဝယ်ခိုင်းတာမျိုးနဲ့ လက်ဆောင်ရတဲ့ ဖုန်းတွေက အဆင်မပြေတတ်ပါဘူး။ကိုယ့်အကြိုက်နဲ့ကိုက်မယ့်ဖုန်းကိုရချင်ရင်တော့ ကိုယ်တိုင်စမ်းသပ်ပြီးမှ ဝယ်တာကောင်းပါတယ်။

(၆) Global Version လား

ဖုန်းက ပြည်တွင် းNetwork carrier တွေနဲ့ကိုက်ညီလား စစ်ဆေးဖို့လည်းလိုပါတယ်။ မြန်မာပြည်မှာရောင်းသမျှကတော့ မကိုက်ညီတာမရှိသလောက်ပါပဲ။

(၇) iOS သမားက iOS Android သမားက Android ပဲစဉ်းစား

ကိုယ်ရဲ့data တွေ app တွေ အများစုက iOS iTunes နဲ့ပတ်သက်ထားလား၊ Android သုံး software တွေနဲ့ပဲဆက်စပ်နေလားစဉ်းစားပါ။ အရင်သုံးလက်စ System နဲ့ပဲဆက်သုံးတာက ကိုယ့်အတွက်အလုပ်မရှုပ်စေတာကြောင့်ပါ။

(၈) ဖုန်းကာဗာနဲ့ မှန်ကပ် မဖြစ်မနေဝယ်ပါ

ငွေကုန်ကြေးကျများမယ့်ပြင်ဆင်ရမှုမျိုးလုပ်ရတာနဲ့စာရင် ဒီပစ္စည်းတွေရဲ့တန်ဖိုးက ဘာမှမပြောပလောက်ပါဘူး။ ပြီးတော့ ဖုန်းအသစ်ပြောင်းကိုင်ချင်တဲ့အချိန် ပြန်ရောင်းမယ်ဆိုရင်လည်း အနာအဆာကင်းနေတဲ့ဖုန်းက ဈေးပိုရနိုင်ပါတယ်။

(၉) မျက်နှာပြင်အရွယ်အစား

(၄.၇) လက်မနဲ့အထက်ဖုန်းမှန်သမျှမှာ ရုပ်ထွက်အရည်အသွေး 1080p ရှိတာက စံတစ်ခုပါ။ (၅.၅) လက်မနဲ့အထက်ဖုန်းတွေမှာတော့ 2560p အထိရှိတတ်ပါတယ်။ ဘာအတွက်ပဲသုံးသုံး (၅.ဝ) လက်မနဲ့ (၅.၅) လက်မအကြား မျက်နှာပြင်အရွယ်အစားရှိတဲ့ဖုန်းတွေက အသင့်တော်ဆုံးဖြစ်နိုင်ပါတယ်။

(၁၀) ကင်မရာအရည်အသွေး

မက်ဂါပစ်ဇယ်ပိုများတဲ့ကင်မရာကပဲ ပိုကောင်းတဲ့ပုံကို ရစေတယ်လို့ ထင်နေမိလား။ ဒါက အတော်ကိုလွဲနေတဲ့အချက်ပါ။ 12 မက်ဂါပစ်ဇယ်ကင်မရာကလည်း 16 မက်ဂါပစ်ဇယ်ကင်မရာထက် ပိုကောင်းတဲ့ပုံတွေကိုပေးစွမ်းနိုင်ပါတယ်။ တကယ်တော့ ကင်မရာ Lens တစ်လုံးထဲကို ဝင်ခွင့်ပြုထားတဲ့အလင်းပမာဏက ပုံကိုပြုပြင်တဲ့ဆော့ဖ်ဝဲလိုပဲ ပုံကောင်းကောင်းတွေရဖို့ အဆုံးအဖြတ်ပေးပါတယ်။ အခုဝင်တဲ့အလတ်တန်းစားဖုန်းအများစုမှာက နည်းပညာမြင့်ဖုန်းတွေလိုမျိုး ကျောဘက်ကင်မရာ (၂) လုံးပါလာနေပါပြီ။ Portrait Mode ဘာ ညာအတွက် Google Camera ကိုအားကိုးလို့ရပါတယ်။

(၁၁) ဘက်ထရီသက်တမ်းနဲ့ စွမ်းဆောင်ရည်

ဖုန်းအတော်များများက ပုံမှန်အားဖြင့် တစ်ရက်ကို အနည်းဆုံးတစ်ကြိမ် အားပြန်သွင်းရတာပါပဲ။ တည်နေရာပြစနစ်တွေ၊ ဗီဒီယိုသီချင်းတွေကို အမြဲဖွင့်တတ်ရင်တော့ ဘက်ထရီသက်တမ်းကို ပိုပြီးတိုစေမှာပါ။ ဥပမာပြောရရင် Octa Core ပရိုဆက်ဆာက Quad Core ပရိုဆက်ဆာထက် ဘက်ထရီစွမ်းဆောင်ရည် ပိုကောင်းစေနိုင်ပါတယ်။ နောက်ဆုံးပေါ် Snapdragon Chipset ဆိုရင်တော့အတိုင်းထက်အလွန်ပေါ့။

(၁၂) တခြားအပိုဆောင်းလုပ်ဆောင်ချက်တွေပါဦးမလား (အကယ်၍)

– Micro SD card နဲ့Storage ပမာဏတိုးနိုင်သလား

– ရေစိုခံလား

– USB type C port ပါပြီလား

– Earphones တစ်ခါတည်းပါလား

– အဆင့်မြင့်လုံခြုံရေးစနစ်ပါလား

အလယ်အလတ်တန်းစားဖုန်းတွေအတွက်တော့ ဒါတွေက အလွန်ဆုံးမျှော်လင့်နိုင်တဲ့ အချက်တွေပါပဲ။ ဖုန်းအသစ်လဲကိုင်တော့မယ့်သူတွေအနေနဲ့ ဒီအချက်လေးတွေကိုကြည့်ပြီး ဂရုတစိုက်နဲ့ ဖုန်းအလန်းစားလေးတွေဝယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Ref: CNET

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top