သားသမီးအုပ်ထိန်းမှု အကြံပေးဗီဒီယိုတွေတင်တဲ့ YouTube influencer သားသမီးတွေကို ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံရ

21.2.24-yyl-3.jpg

သားသမီးအုပ်ထိန်းမှုဆိုင်ရာ အကြံပေးဗီဒီယိုတွေကြောင့် ကျော်ကြားလာတဲ့ YouTube influencer အမျိုးသမီးဟာ သူ့ကလေးတွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အတွက် အနည်းဆုံး ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရပါတယ်။ အသက် ၄၂ နှစ်အရွယ်ရှိတဲ့ ရူဘီဖရန်ကီဟာ ကလေးငယ်တွေကို အငတ်ထားပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ဖြောင့်ချက်ပေးခဲ့ပြီး တရားသူကြီးက စီရင်ချက်ချမှတ်ခဲ့ပြီးနောက် သူ့လုပ်ရပ်တွေအတွက် ပြန်တောင်းပန်ခဲ့ပါတယ်။

ရူဘီဖရန်ကီနဲ့ သူ့ရဲ့စီးပွားရေးပါတနာဟောင်း ဂျိုဒီတို့ဟာ ထောင်ဒဏ် ၁ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ စွဲချက် ၄ ခုအတွက် စီရင်ချက်ချမှတ်ခံခဲ့ရတာပါ။ သူတို့အနေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေကို တစ်ဆက်တည်း ကျခံရမှာဖြစ်ပြီး ထောင်ထဲမှာ အချိန်ဘယ်လောက်ကြာကြာ နေရမလဲဆိုတာကိုတော့ ယူတားပြည်နယ် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆုံးဖြတ်ပေးမှာပါ။ဖရန်ကီရဲ့ ကလေး ၂ ယောက်ဟာ အသက် ၉ နှစ်နဲ့ ၁၁ နှစ်အရွယ် ရှိကြပြီး နှိပ်စက်ညှဉ်းပန်းရေးစခန်းလို နေရာမျိုးမှာ နေထိုင်ခဲ့ရတယ်လို့ ယူတားပြည်နယ် အစိုးရရှေ့နေ အဲရစ်ကလက်ခ်က ဆိုပါတယ်။


အာဟာရပြတ်လပ်မှုကြောင့် ပိန်လှီနေတဲ့ အသက် ၁၂ နှစ်အရွယ် သားငယ်က နေအိမ်ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးပြီး အိမ်နီးနားချင်းရဲ့အိမ်မှာ အစာရေစာ သွားတောင်းခဲ့ပါတယ်။ သူဟာ ကြိုးတုပ်ခံထားရလို့ ပွန်းပဲ့ဒဏ်ရာတွေလည်း ရနေတာ တွေ့ရပါတယ်။ အိမ်နီးချင်းတွေက ရဲစခန်းမှာ တိုင်ချက်သွားဖွင့်ခဲ့လို့ ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ဖရန်ကီနဲ့ ဂျိုဒီတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

ဖရန်ကီဟာ YouTube ပေါ်မှာ အငြင်းပွားဖွယ်ရာ သားသမီးအုပ်ထိန်းရေးဗီဒီယိုတွေ တင်ခဲ့လို့ လူသိများလာခဲ့တာပါ။ စီရင်ချက် ချခဲ့ရပြီးနောက်မှာတော့ ” အမေက အမှောင်ကို အလင်းထင်၊ အမှားကို အမှန်ထင်ခဲ့မိတယ်”လို့ သူ့ကလေးတွေကို ပြန်တောင်းပန်သွားခဲ့ပါတယ်။

Ref:Ruby Franke: Parenting advice YouTuber given maximum sentence for child abuse

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top