ကမ္ဘာ့အမြင့်ဆုံး အသင့်တပ်ဆင်တဲ့ အဆောက်အအုံတွေ ဖြစ်လာတော့မယ့် မိုးမျှော်တိုက်နှစ်လုံး

10-8-2020-yyl-008.jpg

မလေးရှားနယ်စပ်စက်ရုံမှာ ထုတ်လုပ်ထားတဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး စင်ကာပူနိုင်ငံရဲ့ လူဦးရေထူထပ်တဲ့ ပတ်ဝန်းကျင်မှာ နေရာချမယ့် မိုးမျှော်တိုက်နှစ်လုံးဟာ ကမ္ဘာ့အမြင့်ဆုံး အသင့်တပ်ဆင်တဲ့ အဆောက်အအုံတွေ(prefabricated building) ဖြစ်လာတော့မှာပါ။ Avenue South Residences လို့ အမည်ပေးထားတဲ့ အိမ်ရာစီမံကိန်းဟာ ပေ ၆၃၀ မြင့်မားပြီး တိုက်ခန်းပေါင်း ၉၈၈ ခန်း ပါဝင်မှာပါ။ ဆဌဂံပုံစံ ပုံးတွေထဲမှာ ကွန်ကရစ်သွန်းလောင်းထားတဲ့ အစိတ်အပိုင်း ၃၀၀၀ နီးပါးကို အဆင့်ဆင့်ထပ်ပြီး တည်ဆောက်မှာပါ။ အစိတ်အပိုင်းတွေကို မလေးရှားနိုင်ငံ၊ ဆီနိုင်းမြို့ စက်ရုံမှာ ထုတ်လုပ်မှာဖြစ်ပြီး အချောသပ်ဖို့၊ ပြင်ဆင်မွမ်းမံဖို့အတွက် စင်ကာပူနိုင်ငံမှာရှိတဲ့ စက်ရုံကို ပို့ဆောင်မှာပါ။

အဆောက်အအုံတည်ဆောက်မယ့်နေရာကို ရောက်ရှိလာချိန်မှာတော့ ကွန်ကရစ်လောင်းထားတဲ့ပုံးတွေက ၈၀ ရာခိုင်နှုန်း ရုပ်လုံးပေါ်နေပါပြီ။ အဲဒီနောက်မှာ ကွန်ကရစ်ပုံးတွေကို ဝန်ချီစက်နဲ့မတင်ပြီး တောင့်တင်းမှုရှိအောင်၊ ဝန်ခံနိုင်အောင် ဖရိန်တစ်ခုအဖြစ် တည်ဆောက်သွားမှာပါ။ အဲဒီနောက်မှာတော့ တံခါးပေါက်တွေ တပ်ဆင်တာလိုမျိုး နောက်ဆုံးအချောကိုင်ရမယ့် ကိစ္စတွေကို ဆောင်ရွက်မှာပါ။

Prefabricated Prefinished Volumetric Construction (PPVC) လို့ လူသိများတဲ့ စီမံကိန်းဟာ အလုပ်သမား လိုအပ်ချက်နည်းပါးပြီး စွန့်ပစ်ပစ္စည်းထွက်ရှိမှုနဲ့ ပတ်ဝန်းကျင်ဆူညံမှုကိုလည်း လျှော့ချပေးနိုင်မှာပါ။ ” ကားထုတ်လုပ်မှုပုံစံကို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အသုံးပြုလိုက်တာပါ”လို့ ADDP Architects လုပ်ငန်းစုရဲ့ တွဲဖက်လုပ်ငန်းဆောင်ရွက်သူ သောင်ဟန်းက ပြောပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ထဲကို အလုပ်သမားတွေအားလုံး တစ်စုတစ်ဝေးတည်း လာရောက်စရာမလိုအပ်တဲ့ အခြေအနေကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကြုံနေရတဲ့အခြေအနေမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေခိုင်းတဲ့ စည်းမျဉ်းမျိုး ချမှတ်ဖို့လည်း ပိုလွယ်ကူပါတယ်။

ကုန်ကျစရိတ် ၈ ရာခိုင်နှုန်း သက်သာသလို သမားရိုးကျ ဆောက်လုပ်ရေးနည်းလမ်းနဲ့ နှိုင်းယှဉ်ရင် အလုပ်ပြီးမြောက်မှု ၄၀ ရာခိုင်နှုန်း ပိုများလို့ စင်ကာပူနိုင်ငံမှာတော့ PPVC ဆောက်လုပ်ရေးနည်းလမ်းက ရေပန်းစားပါတယ်။ အာဏာပိုင်တွေကတော့ ဒီနည်းလမ်းအသုံးပြုဖို့ အားပေးကြပါတယ်။ ၂၀၁၄ ခုနှစ်ကစပြီး တချို့လုပ်ငန်းခွင်တွေမှာ အသင့်တပ်ဆင်နိုင်တဲ့ပစ္စည်း အသုံးပြု တည်ဆောက်တဲ့ နည်းလမ်းကို လိုအပ်ချက်တစ်ခုအနေနဲ့ လုပ်ခိုင်းတာမျိုး ရှိပါတယ်။

Avenue South Residences အိမ်ရာစီမံကိန်းဟာ လက်ရှိကမ္ဘာပေါ်မှာ အမြင့်ဆုံး အသင့်တပ်ဆင်တဲ့ အဆောက်အအုံအဖြစ် စံချိန်တင်ထားတဲ့ Clement Canopy ရဲ့စံချိန်ကို ချိုးဖျက်တော့မှာပါ။ ၄၅၉ ပေ မြင့်မားတဲ့ Clement Canopy အဆောက်အအုံကိုလည်း ADDP Architects ကုမ္ပဏီက ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး စင်ကာပူနိုင်ငံမှာပဲ တည်ဆောက်ခဲ့တာပါ။

Ref: CNN ” World’s tallest prefab skyscrapers will rise in Singapore — but they’re being built in Malaysia”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top