Billboard Hot 100 ဇယားရဲ့ ထိပ်ဆုံး (၁၀) နေရာလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံးအဆိုရှင် တေလာဆွစ်ဖ်

31-10-2022-yyl-20.jpg

ထွက်သမျှသီချင်းတိုင်း၊ အယ်လ်ဘမ်တိုင်း ဝက်ဝက်ကွဲအောင်မြင်လေ့ရှိတဲ့ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ကတော့ အခုလည်း သူ့ရဲ့သီချင်းအယ်လ်ဘမ်အသစ်နဲ့ စံချိန်တစ်ခုပြီးတစ်ခုချိုးနေပါတယ်။ သူဟာ Billboard Hot 100 ဇယားမှာ ထိပ်ဆုံး (၁၀) နေရာလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံးအဆိုရှင်အဖြစ် သမိုင်းစိုက်ထူခဲ့ပါတယ်။

သူ့ရဲ့သီချင်းအယ်လ်ဘမ်အသစ် “Midnights” ထဲက သီချင်း (၁၀) ပုဒ်က Top 10 ဆယ်နေရာလုံးမှာ ရှိနေခဲ့တာပါ။ သူ့ရဲ့ Anti-Hero သီချင်းက ထိပ်ဆုံးက ဦးဆောင်နေပြီး အခုဆို နံပါတ် ၁ နေရာကို အဲဒီသီချင်းနေရာယူထားတာက (၉) ကြိမ်မြောက်ဖြစ်နေပါပြီ။ “Anti-Hero” က “Midnights”သီချင်းအယ်လ်ဘမ်ထဲက သီချင်းတွေအားလုံးထဲမှာ Stream အများဆုံးသီချင်းလည်းဖြစ်ပါတယ်။ တေလာဟာ ၂၀၂၁ ခုနှစ်တုန်းက Top 10 ထဲ သီချင်း (၉) ပုဒ် ဝင်ခဲ့တဲ့ အဆိုတော် ဒရိတ်ရဲ့စံချိန်ကို ချိုးခဲ့တာပါ။

အခုအပတ်မှာ တေလာက Top 10 ဆယ်နေရာလုံးကို သိမ်းပိုက်ခဲ့တဲ့အပြင် အခုဆို သူဟာ Billboard Hot 100 ဇယားမှာ Top 10 hits အပုဒ် ၄၀ ပြည့်သွားတာကြောင့် Top 10 hits အပုဒ် ၃၈ ပြည့်ခဲ့တဲ့ မက်ဒေါနားကို ကျော်ပြီး Top 10 hits အများဆုံးပထမဆုံးအမျိုးသမီးအဆိုရှင်ဖြစ်လာခဲ့ပါတယ်။

တေလာက Billboard Hot 100 နဲ့ Billboard Hot 200 ဇယားတွေမှာ နံပါတ် ၁ တစ်ပြိုင်တည်း (၄) ကြိမ် ရဖူးတဲ့ ပထမဆုံးအဆိုရှင်အဖြစ်လည်း စံချိန်ချိုးခဲ့ပါတယ်။ “Midnights” အယ်လ်ဘမ်မတိုင်ခင် သူ့ရဲ့အယ်လ်ဘမ်တွေဖြစ်တဲ့ “evermore”၊ “Folklore” နဲ့ “Red (Taylor’s Version) တွေက နံပါတ် ၁ ချိတ်ခဲ့တဲ့အပြင် “willow”၊ “cardigan” နဲ့ “All Too Well” သီချင်းတစ်ပုဒ်ချင်းကလည်း နံပါတ် ၁ ချိတ်ခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်က တေလာဟာ “Midnights” အယ်လ်ဘမ်ထွက်ရှိပြီး (၂၄) နာရီအတွင်းမှာ Stream Record ကို ချိုးခဲ့တာပါ။ Spotify မှာ အဲဒီအယ်လ်ဘမ်က တစ်နေ့တည်းနဲ့ Stream အများဆုံးအယ်လ်ဘမ်ဖြစ်လာခဲ့ပါတယ်။ တေလာကလည်း Spotify သမိုင်းတစ်လျှောက်မှာ တစ်နေ့တည်းနဲ့ Stream အများဆုံးအဆိုရှင်ဖြစ်လာပါတယ်။Midnights အယ်လ်ဘမ်က အမေရိကန်ရောင်းအား ၁.၅ သန်းကျော်၊ ကမ္ဘာ့တစ်ဝှမ်းရောင်းအား ၃ သန်း units ကျော်ရောင်းချနိုင်ခဲ့ပြီး တစ်ပတ်အတွင်း Stream ပေါင်း ၁.၃ ဘီလျံ ကျော်ရရှိခဲ့တာပါ။

Billboard ဇယားမှာ “Midnights” အယ်လ်ဘမ်အသစ်နဲ့ စံချိန်ချိုးခဲ့တာနဲ့ပတ်သက်ပြီး အခုပြောပြခဲ့တာ အသေးအမွှားပဲရှိပါသေးတယ်။ အခြားနေရာတွေမှာ ရခဲ့တဲ့ နောက်ထပ်စံချိန်တွေကိုပါ ပြောရရင် ပြောလို့ကုန်မှာမဟုတ်ပါဘူး။ တကယ်ကို အံ့မခန်းပါပဲ။

Ref: ABCNews “Taylor Swift in ‘shambles’ after making history as 1st artist to claim entire top 10 on Billboard Hot 100”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top