ကျည်ပွေ့အတတ်ပေါက်နိုင်ကြောင်း သက်သေပြပြီးအသက် ၉၁ နှစ်မှာ ဘွဲ့ယူခဲ့သည့် အဖွားအို

97245221_pam_6257resized.jpg

ထိုင်းနိုင်ငံမှ အသက် ၉၁ နှစ်အရွယ်အဖွားအိုတစ်ယောက်ဟာ “ပညာသင်ဖို့အတွက် ဘယ်တော့မှ နောက်မကျဘူး” လို့ ခံယူချက်ရှိသူ တစ်ယောက်ဖြစ်ပြီး သူမရဲ့ တက္ကသိုလ်ဘွဲ့ကို ပညာသင်နှစ် ၁၀ နှစ်ကျော်အကြာမှာ ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

အဖွားရဲ့ နာမည်ဟာ ကမ်လန်ဂျီနာကာလ် (Kimlan Jinakul) လို့ခေါ်ပြီး တက္ကသိုလ်ကျောင်းသူ တစ်ယောက်အဖြစ် ပညာသင်ချင်ခဲ့ပေမဲ့ ငယ်စဉ်က တက္ကသိုလ်မှာ ပညာသင်ဖို့ အခွင့်အရေး မရခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အချိန်တွေ ကုန်လွန်ခဲ့ပြီး သူမရဲ့ သားသမီးတွေကိုယ်တိုင် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသွားတွေ ဖြစ်သွားခဲ့တဲ့အခါမှ အဖွားအို ကမ်လန်ဟာ တက္ကသိုလ်မှာ ကျောင်းဝင်ခွင့် လျှောက်ခဲ့ပြီး မနေ့၊ ဗုဒ္ဓဟူးနေ့က ဘွဲ့ရသွားခဲ့တာ ဖြစ်ပါတယ်။

ကမ်လန်ဟာ  ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ အရှေ့ဘက်ရှိ လန်ပန်ပြည်နယ် (Lampang province) တွင် နေထိုင်သူတစ်ယောက် ဖြစ်ပါတယ်။ အဖွားအို ကမ်လန်ဟာ ငယ်စဉ်ကတည်းက စာတော်သူတစ်ယောက်ဖြစ်ပြီး သူမတို့ ပြည်နယ်ရှိ အကောင်းဆုံး ကျောင်းတစ်ကျောင်းမှာ ပညာသင်ယူခွင့် ရခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အခြေခံပညာ အထက်တန်း သင်ယူအပြီးမှာတော့ သူမတို့ မိသားစုဟာကမ်လန်ကို အိမ်ထောင်ချပေးခဲ့ပြီး ဘန်ကောက်သို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ အိမ်ထောင်ရှင်မတစ်ယောက်ဘဝ သို့ရောက်သွားတဲ့အခါမှာ အဖွားအို ကမ်လန်ဟာ သူမရဲ့ပညာသင်ယူဖို့ အိပ်မက်ကိုခဏမေ့ထားခဲ့ရပေမဲ့ သူမရဲ့စိတ်ထဲမှာ တက္ကသိုလ်တက်ပြီး ပညာသင်ယူချင်တဲ့ ဆန္ဒဟာ ဘယ်တော့မှပျောက်မသွားခဲ့ပါဘူး။

“ကျွန်မက ကျွန်မ ဖြစ်ချင်ခဲ့တဲ့ဆန္ဒအတိုင်း ကျွန်မကလေးတွေ အားလုံးကိုလည်း ပညာတတ်ကြီးတွေ ဖြစ်စေချင်ပါတယ်။ ဒါကြောင့် သူတို့ကို ပညာသင်ယူဖို့  ကျွန်မတိုက်တွန်းခဲ့ပြီး တက္ကသိုလ်ရောက်တဲ့ အထိ ထောက်ပံ့ပေးခဲ့ပါတယ်။” လို့ အဖွားအို ကမ်လန်က ပြောဆိုခဲ့ပါတယ်။ အဖွားအိုရဲ့ သားသမီး ၅ ယောက်ရှိတဲ့အနက် ၄ ယောက်လုံး မဟာဘွဲ့ ရခဲ့ကြပြီး တစ်ယောက်ဆိုရင် အမေရိကန်နိုင်ငံမှာ ပါရဂူဘွဲ့ကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သားသမီးတွေရဲ့ ပညာရေးလမ်းကြောင်း စိတ်ချရသွားတဲ့ နောက်မှာ အဖွားအိုကမ်လန်ဟာ သူမငယ်စဉ်ကတည်းက မက်ခဲ့ရတဲ့အိပ်မက်ဖြစ်တဲ့ တက္ကသိုလ်ကျောင်းမှာ ပညာသင်ရန်အတွက် သူမကိုယ်တိုင် တက္ကသိုလ်မှာ ကျောင်းအပ်နှံခဲ့ပါတယ်။

အဖွားအိုကမ်လန်ဟာ နန်သာဘူရီပြည်နယ်၊ ပဲကရက်မြို့ရှိ ဆူခိုထိုင်းသမ်မာသီရက် တက္ကသိုလ် (Sukhothai Thammathirat Open University) မှာ ကျောင်းအပ်နှံခဲ့တာဖြစ်ပြီး ဆူခိုထိုင်း သမ်မာသီရက် တက္ကသိုလ်ဟာ Open University အမျိုးအစားဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများကို ပုံမှန် ပို့ချချက် သင်ကြားခြင်းများအစား လွတ်လွတ်လပ်လပ် လေ့လာပြီး ဘွဲ့ ဒီဂရီများပေးတဲ့ တက္ကသိုလ်အမျိုးအစား ဖြစ်ပါတယ်။

ဆူခိုထိုင်းသမ်မာသီရက် တက္ကသိုလ်မှာ ကျောင်းအပ်နှံခဲ့တဲ့အချိန်မှာ အဖွားအိုကမ်လန်ရဲ့အသက်ဟာ ၇၂ နှစ် ရှိနေပြီဖြစ်ပြီး ပညာသင်ယူနေစဉ်အတွင်းမှာလည်းသူမရဲ့ သမီးတစ်ယောက် ဆုံးပါးသွားခဲ့တဲ့အတွက် နုတ်ထွက်ခဲ့ရပါတယ်။ အသက် ၈၅ နှစ်အရွယ်မှာတော့ အဖွားအိုဟာ ဒုတိယအကြိမ် ကျောင်းအပ်နှံခဲ့ပြီး လူမှုပတ်ဝန်းကျင် ဆက်နွှယ်မှု ဘာသာရပ်ကို သင်ယူခဲ့ပြီး သူမကတော့ ဒီဘာသာရပ်ကို သင်ယူခဲ့ခြင်းအားဖြင့် ဘဝမှာ ဘယ်လိုပျော်ရွှင်အောင်နေရမလဲဆိုတာကို သိလာခဲ့တယ် လို့ဆိုပါတယ်။

“ကျွန်မ သမီးကိုဆုံးရှုံးခဲ့ရလို့ ကြေကွဲဝမ်းနည်းပူဆွေးမှုများအပြီးမှာ ကျွန်မ ပညာသင်ယူရေးအစီအစဉ်ကို ပြီးဆုံးအောင် ကြိုးစားခဲ့ပါတယ်။ ကျွန်မသမီးလည်း နောင်ဘဝကနေ အခုလို ကျွန်မရဲ့ ကြိုးစားမှုကိုမြင်ရပြီး ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။ ”လို့ အဖွားအိုကမ်လန်က BBC ကို ပြောကြားခဲ့ပါတယ်။

ပညာသင်ယူနေစဉ်အချိန်ကာလအတွင်းမှာလည်း အဖွားအိုဟာ မနက်စောစောထကာ ဘုန်းကြီးများကို ဆွမ်းလှူဒါန်းလေ့ရှိပြီး သူမတို့ အိမ်အနီးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့သွားကာ ပညာသင်ယူလေ့ရှိပါတယ်။

“ပညာသင်ယူဖို့ဆိုတာ ဘယ်တော့မှ နောက်မကျပါဘူး။ ကျွန်မရဲ့ ဦးနှောက်ဟာ အမြဲတမ်းနိုးကြားနေပြီး ပညာသင်ယူဖို့အတွက် ထက်မြက်နေပါတယ်။ ကမ္ဘာကြီးကလည်နေတာပါ။ ကျွန်မတို့အတွက်ကြုံလာရမဲ့ ပြဿနာတွေက အများကြီးပေါ်ထွက်နေတာဖြစ်ပြီး လူတစ်ယောက်ဟာ ပညာသင်ယူမှု မရှိဘူးဆိုရင် ခေတ်နောက်ကျသွားပါလိမ့်မယ်။ အခုလိုဘွဲ့ယူနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကတော့ စိတ်ပိုင်းဖြတ်မှုရှိခြင်းပါပဲ။ ကျွန်မအမြဲတမ်း သင်ခန်းစာတစ်ခုပြီးအောင်  အမြဲတမ်းလေ့လာလေ့ရှိပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားလေ့ရှိပါတယ်။ ကျွန်မ ပညာသင်နှစ်တစ်နှစ်ပြီးဆုံးတိုင်း ပျော်ရွှင်လေ့ရှိပြီး ကျရှုံးတဲ့အခါမှာတော့ ဝမ်းနည်းပါတယ်။ ဒါပေမဲ့ ကျွန်မ စာမေးပွဲအောင်မြင်တဲ့အထိ စာမေးပွဲပြန်ဖြေခဲ့ပါတယ်။” လို့ပြောဆိုခဲပါတယ်။

အခုလို့ဘွဲ့ရအပြီးမှာ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိသေးလဲလို့မေးတဲ့အခါမှာ “ခုချိန်မှာ ကျွန်မကို အလုပ်ခန့်ချင်မဲ့သူတော့ ရှိမှာမဟုတ်တော့ပါဘူး။ ကျွန်မမြေးလေးတွေကို စောင့်ရှောက်သွားမှာပါ ”လို့ အဖွားအိုကမ်လန်က သူမရဲ့ အနာဂတ် အစီအစဉ်နဲ့ပတ်သတ်ပြီး ရယ်မောကာ ပြောသွားခဲ့ပါတယ်။

Ref : BBC News : Thai granny completes university degree at 91

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top