ရွှေမှုန်များကို အသုံးပြုပြီး ကင်ဆာရောဂါကို ကုသလာနိုင်

gold-bar-large.jpg

စကော့တလန်နိုင်ငံ အီဒင်ဘာဂ်ျတက္ကသိုလ်(Edinburgh University) မှ ဆေးသိပ္ပံပညာရှင်များရဲ့အဆိုအရ ရွှေမှုန်လေးများဟာ ကင်ဆာရောဂါဆေးများရဲ့အာနိသင်ကို ပိုမိုတိုးမြှင့်စေနိုင်ပြီး ကင်ဆာရောဂါကို ကုသဖို့အတွက် ဆေးနည်းတစ်ခု ဖြစ်လာနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဆေးသိပ္ပံပညာရှင်များဟာ စမ်းသပ်မှုပြုလုပ်နေစဉ် ရွှေမှုန်လေးများဟာ အဆုတ်ကင်ဆာဆေးများရဲ့အာနိသင်ကိုပိုမိုတိုးမြှင့်စေနိုင်တာ ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရွှေမှုန်များနဲ့ ကုသတဲ့နည်းကို လူသားတွေနဲ့ မစမ်းသပ်ရသေးပါဘူး။ ယခုလက်ရှိအသုံးပြုနေတဲ့ ဓာတုဓာတ်ကုထုံးဟာ ရောဂါစွဲကပ်နေတဲ့ဆဲလ်တွေကို ဖျက်ဆီးရာမှာ ကျန်းမာတဲ့ဆဲလ်တွေကိုပါ ထိခိုက်မိစေတဲ့ဆိုးကျိုးရှိတဲ့အတွက် တစ်ချိန်မှာ ရွှေမှုန်များနဲ့ကင်ဆာရောဂါကိုကုသတဲ့ ကုထုံးကို  အသုံးပြုလာနိုင်မယ်လို့ ပညာရှင်များက မျှော်လင့်နေကြပါတယ်။

ရွှေဟာ အန္တရာယ်ကင်းတဲ့ဓာတုဒြပ်စင်တစ်ခုဖြစ်ပြီး ဓာတုဓာတ်ပြုများများကို အရှိန်အဟုန် တိုးမြှင့်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ လေ့လာသူဆေးပညာရှင်များက  ရွှေမှုန်များထည့်ထားတဲ့ ကိရိယာကို မြင်းကျားငါး (zebrafish)ရဲ့ ခေါင်းထဲမှာ ထည့်သွင်းထားတဲ့အခါမှာ ဘာဘေးထွက်ဆိုးကျိုး မှမရှိဘဲ ဆေးဝါးရဲ့အစွမ်းကို မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ လေ့လာမှုကိုတော့ စပိန်နိုင်ငံမှ အဏုဇီဝသိပ္ပံလေ့လာရေးတက္ကသိုလ်ဖြစ်တဲ့ University of Zaragoza နဲ့ အင်္ဂလန်နိုင်ငံကင်ဆာရောဂါလေ့လာရေးအဖွဲ့တို့ရဲ့ အကူအညီနဲ့ ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အီဒင်ဘာဂ်ျတက္ကသိုလ်မှ လေ့လာသူဒေါက်တာတစ်ဦးဖြစ်တဲ့ အေစီရာ ဥစီတီဘရိုစီတာ (Dr Asier Unciti-Broceta) ကတော့ “ကျွန်တော်တို့တွေ အရင်ကမသိခဲ့ကြတဲ့ ရွှေရဲ့ဂုဏ်သတ္တိတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပြီး အနာဂတ်မှာ ရွှေဟာဆေးဝါးတွေကို ကင်ဆာအကျိတ်ဆီတိုက်ရိုက်ရောက်စေဖို့ ကူညီပေးနိုင်ပါတယ်။ လူသားတွေမှာ စမ်းသပ်ဖို့ကတော့ ကျွန်တော်တို့ အချိန်ယူရဦးမှာပါ။ ဒါပေမဲ့ တစ်နေ့မှာ ကင်ဆာရောဂါသည်တွေကို ဓာတုကုသနှုန်းနဲ့ဓာတ်ကင်တဲ့အခါကျရင် ဆေးဟာ ကင်ဆာအကျိတ်တွေဆီ တိုက်ရိုက်ရောက်သွားအောင်လို့ ယခုတွေ့ရှိချက်ကကူညီနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။ ယခုတွေ့ရှိချက်ချက်ကို သိပ္ပံဂျာနယ် ဖြစ်တဲ့ Angewandte Chemie ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

Ref : Independent Health : Gold nanoparticles could be used to treat cancer, scientists say

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top