အွန်လိုင်းကနေ စာသင်ယူနေတဲ့ကလေးတွေအတွက် စာသင်ခုံတွေ ကိုယ်တိုင်ပြုလုပ်ပေးနေတဲ့ ဆရာတစ်ဦး

20-1-2021-yyl-19.jpg

အိုင်အိုဝါပြည်နယ်က ဆရာတစ်ဦးကတော့ ကပ်ရောဂါအတွင်း အွန်လိုင်းပေါ်ကနေ စာသင်ယူလေ့လာနေတဲ့ ကျောင်းသား/သူတွေအတွက် စာသင်ခုံတွေ ကိုယ်တိုင်ပြုလုပ်ပေးနေပါတယ်။ (၇) တန်းကျောင်းသား/သူတွေကို စာပေပညာသင်ကြားပေးနေတဲ့ နိတ် အီဗန် (Nate Evans) ဆိုတဲ့ဆရာက Woodworking with a Purpose လို့အမည်ရတဲ့ပရောဂျက်ကို ပြီးခဲ့တဲ့နှစ်ကတည်းက အကောင်အထည်ဖော်နေခဲ့တာပါ။

သူနဲ့အတူ စေတနာဝန်ထမ်း (၅၀) ကျော်ကလည်း ကျောင်းသား/သူတွေအတွက် စာသင်ခုံလုပ်ပေးတဲ့ပရောဂျက်မှာ ပါဝင်ကူညီပေးခဲ့ပါတယ်။ အီဗန်က ကလေးတွေအတွက် စာသင်ခုံ (၆၀၀) ကို လုပ်ပေးပြီးသွားခဲ့ပါပြီ။ ကျောင်းသား/သူတွေက ထမင်းစားပွဲ (ဒါမှမဟုတ်) အိပ်ရာပေါ်တွေမှာ ထိုင်ပြီး အွန်လိုင်းစာသင်ယူမှုလုပ်ခဲ့ရတယ်ဆိုတာကို အီဗန် သတိထားမိခဲ့ပြီးတဲ့နောက်မှာ စာသင်ခုံဖန်တီးပေးတဲ့ ပရောဂျက်ကို စတင်ဆောင်ရွက်ဖြစ်ခဲ့တာပါ။

အီဗန်က ကလေးတွေအတွက် တစ်စုံတစ်ယောက်က ထောက်ပံ့ပေးဖို့လိုအပ်တယ်လို့ တွေးမိပြီး သူကိုယ်တိုင်ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အစကတော့ အီဗန်က သူ့ရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ စာသင်ခုံပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူခဲ့တာပါ။ သူ့ရဲ့စိတ်ကူးကို ဖေ့စ်ဘွတ်ခ်ပေါ် မျှဝေပြီးတဲ့နောက်မှာတော့ အလှူရှင်တွေ ပေါ်လာခဲ့ပါတယ်။ အီဗန်နဲ့သူ့အဖွဲ့သားတွေက စာသင်နှစ်အကုန်အထိ စာသင်ခုံ (၂၀၂၀) ပြုလုပ်ဖို့ ရည်မှန်းထားခဲ့တာပါ။ အခုတော့ စာသင်ခုံပြုလုပ်ဖို့အတွက် ရန်ပုံငွေ ဒေါ်လာ ၃၀,၀၀၀ ရဖို့ ကြိုးစားနေပါတယ်။

စာသင်ခုံတစ်ခုပြုလုပ်ဖို့အတွက် ဒေါ်လာ ၂၀ကနေ ဒေါ်လာ ၂၅ ကျသင့်ပြီး အီဗန်ရဲ့ပစ္စည်းသိုလှောင်တဲ့ဂိုဒေါင်ထဲမှာပဲ စာသင်ခုံတွေကို ပြုလုပ်ကြပါတယ်။ စာသင်ခုံတွေပြုလုပ်ပြီးသွားတဲ့အခါမှ ဒေသတွင်းက ကျောင်းဆရာတွေက လာယူပြီး ကျောင်းသား/သူတွေဆီ သွားပို့ကြရပါတယ်။

မကြာသေးခင်ကမှ အီဗန်ဟာ စာသင်ခုံ (၁၀၀) လောက်လုပ်ပေးခဲ့တဲ့ စေတနာဝန်ထမ်းတွေ ရှိတဲ့ Ankeny Christian Church မှာ Community Build Day ကို ဆင်နွှဲခဲ့ပါတယ်။ “ကလေးတွေကို ကူညီပေးဖို့ ဆရာတစ်ယောက်ဖြစ်လာခဲ့တယ်။ ကျွန်တော် လုပ်ပေးနိုင်တဲ့နေရာကနေ ကူညီပေးတယ်။ ကျွန်တော့်ရဲ့စာသင်ခန်းမှာ သူတို့လေးတွေ စာကောင်းကောင်းလေ့လာနိုင်တာကို မြင်ချင်တယ်။ သူတို့ရဲ့အိမ်မှာလည်း အဲဒီလိုပဲ ဖြစ်စေချင်တယ်” လို့ အီဗန်က ပြောပါတယ်။

Ref: ABCNews “Teacher is building thousands of desks after seeing kids don’t have work spaces at home”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top