ဩစတြေးလျနိုင်ငံသားတွေထဲမှာ ဧဝရက်တောင်ထိပ် တက်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံး မိန်းကလေး

18-5-2022-yyl-18.jpg

မဲလ်ဘုန်းမြို့က အသက် ၁၉ နှစ် ကောင်မလေး ဂါဘ်ဘီကာနီဇေဟာ သြစတြေးလျနိုင်ငံသားတွေထဲမှာ ဧဝရက်တောင်ကို တက်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးမိန်းကလေး ဖြစ်လာခဲ့ပါတယ်။ မိခင်ဖြစ်သူဂျိန်းနဲ့အတူ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ရဲ့မရဏဇုန်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာပါ။

ဂက်ဘ်ဘီနဲ့ ဂျိန်တို့က သူတို့ရဲ့လမ်းပြတွေနဲ့အတူ တောင်ထိပ်မှာ တစ်နာရီကြာ နေခဲ့ကြပြီး ကမ္ဘာ့အမြင့်ဆုံးနေရာကနေ နေထွက်တာကို ကြည့်ရှုနိုင်ခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ မရဏဇုန်ရှိတဲ့ အမြင့်ဆုံးတောင် (၁၄) ခုရှိပါတယ်။ အခုဆိုရင် ဂက်ဘ်ဘီက အဲဒီအထဲကမှတောင် (၃) ခုကို တက်ခဲ့ပြီးပါပြီ။

ဂက်ဘ်ဘီက ဧဝရက်တောင်တက်ပြီးတော့ ကမ္ဘာ့စတုတ္တအမြင့်ဆုံးတောင်ထိပ်ကို တက်ခဲ့ပါတယ်။ လိုဆဲတောင် (Lhotse) က ၈၅၁၆ မီတာမြင့်တဲ့ စတုတ္ထအမြင့်ဆုံးတောင်ပါ။ဂက်ဘ်ဘီရဲ့တောင်တက်လမ်းပြဖြစ်တဲ့ တန်ဒီ ရှာပါက ဧဝရက်တောင်ပြီးရင် လိုဆဲတောင်ကို တက်ဖို့ ဂက်ဘ်ဘီ အတော်လေးသန်မာလောက်ပြီလို့ အခိုင်အမာယုံကြည်ခဲ့တာပါ။

ဂက်ဘ်ဘီကို လမ်းညွှန်ပြပေးရတာက ကြီးမြတ်တဲ့ဂုဏ်ယူမှုတစ်ခုလို့လည်း ပြောပါတယ်။ “တောင်တက်တဲ့တစ်လျှောက်လုံး ဂက်ဘ်ဘီက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အရမ်းသန်မာတယ်”လို့ တန်ဒီက ဆိုပါတယ်။ဂက်ဘ်ဘီက ဧဝရက်တောင် မတက်ခင်က ကမ္ဘာဆဌမအမြင့်ဆုံးတောင် ချိုယိုတောင် (Cho Oyu)ကို တက်ခဲ့တာပါ။ “တန်ဒီနဲ့ ဒီမှာရှိတဲ့သူအားလုံးက ကျွန်မနဲ့အတူ တောင်ထိပ်ကို တက်ဖို့ အတော်လေး စိတ်အားထက်သန်ကြတယ်လို့ ထင်တယ်။

တောင်တက်ရတာ ကြိုက်တဲ့အတွက် ကျွန်မ တက်နိုင်မယ့် မီတာ ၈၀၀၀ မြင့်တဲ့ တောင်တွေ ဘယ်လောက်ရှိမလဲ ကြည့်မယ်”လို့ ဂက်ဘ်ဘီက ပြောပါတယ်။ မဲလ်ဘုန်းမြို့က နေအိမ်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့အဖေက တောင်ထိပ်ရောက်အောင်တက်မယ်ဆိုတဲ့ သူ့သမီးရဲ့စိတ်ပိုင်းဖြတ်မှုအပေါ် ဘယ်တော့မှ သံသယမဝင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဂက်ဘ်ဘီက အသက် ၁၄ နှစ်မှာ ဧဝရက်တောင်ခြေစခန်းကို လာရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီကတည်းက ဧဝရက်တောင်တက်ဖို့ ရည်မှန်းထားခဲ့တာပါ။ အခုဆိုရင် ဂက်ဘ်ဘီက ကမ္ဘာ့တစ်ဝှမ်းမှာ ကျန်ရှိနေတဲ့ အမြင့်ဆုံးတောင်တွေကို တက်ဖို့ စီစဉ်ထားပါတယ်။

Ref: Ladbible “Teen Becomes The Youngest Australian To Climb To The Top Of Mount Everest”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top