ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ပုံပါ ဘွဲ့ဝတ်စုံလည်စည်းဝတ်ဆင်ကာ အောက်မေ့တသခဲ့တဲ့ ဆယ်ကျော်သက်

11-8-2021-yyl07.png

ဂျော်ဂျီယာနိုင်ငံက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကတော့ ဘွဲ့ယူတဲ့နေ့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့မိခင်ကို ထူးထူးခြားခြားလေး အောက်မေ့တသဂုဏ်ယူခဲ့ပါတယ်။ ကေဂျေ မော်ဂန် (KJ Morgan) ရဲ့မိခင် တရီဆာ ကော်ဘတ် (Teresa Colbert) က ကေဂျေ အထက်တန်းကျောင်းတက်နေတဲ့အချိန် ၂၀၁၉ခုနှစ် မေလ ၁၉ ရက်နေ့မှာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့တာပါ။ အခုနှစ် မေလမှာ ကေဂျေက အထက်တန်းကျောင်းကနေ ဘွဲ့ရရှိခဲ့ပါပြီ။ ဘွဲ့ယူတဲ့နေ့မှာ သူကိုယ်တိုင်ဖန်တီးထားတဲ့ သူ့မိခင်ပုံထည့်သွင်းထားတဲ့ ဘွဲ့ဝတ်စုံလည်စည်းကို ဝတ်ဆင်ကာ သူ့မိခင်ကို ဂုဏ်ပြုခဲ့တာပါ။

“အမေ ရှိနေတဲ့အချိန်တုန်းက ကျွန်တော် ဘယ်လိုဘွဲ့ရမလဲလို့ အမြဲပြောလေ့ရှိတယ်” ကေဂျေက ပြောပါတယ်။ ကေဂျေက ၂၀၂၂ခုနှစ် မေလမှာ ဘွဲ့ရမယ်လို့ ထင်ထားခဲ့ပေမဲ့ သူ့ရဲ့မိခင်သေဆုံးမှုက သူ့ကို ကြိုးစားချင်စိတ်ဖြစ်စေခဲ့ပြီး (၁) နှစ်စောကာ ဘွဲ့ရခဲ့ပါတယ်။ “အမေ မရှိတော့ဘူး။ ငါ ဘာလို့ စောစောဘွဲ့မယူနိုင်ရမှာလဲ။ ဒါကို (၁၀) ကြိမ်ထက်ပိုကောင်းအောင် ဘာလို့မလုပ်နိုင်ရမှာလဲ တွေးမိခဲ့တယ်” လို့ ဆိုပါတယ်။

အထက်တန်းကျောင်းဘွဲ့ရဖို့အတွက် ကေဂျေက ပုံမှန်အထက်တန်းကျောင်းစာတွေအပြင် Central Georgia Technical College မှာ ကောလိပ်အတန်းတွေလည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ “ဇန်နဝါရီကနေ မေလအထိ အတန်း (၈) တန်း တက်ခဲ့ပြီး နွေရာသီစာသင်နှစ်မှာတော့ အတန်း (၅) တန်းတက်ခဲ့တယ်” လို့ ပြောပါတယ်။

ကေဂျေ စောပြီး ဘွဲ့ရခဲ့တာက သူ့အတွက် ပိုပြီး ထူးခြားပါတယ်။ သူ့မိခင်ကို ပြုစုနေရတုန်းက အတန်းပျက်တာတွေရှိခဲ့လို့ပါပဲ။ “ကျွန်တော့်အမေကို ပြုစုနေရတုန်းက ကျောင်းချိန်တွေ ပျက်ခဲ့ပါတယ်။ ကျွန်တော် စာသင်ချိန်တွေ လွှတ်သွားခဲ့ပေမဲ့ တစ်နှစ်စောပြီး ဘွဲ့ရအောင် ယူနိုင်ခဲ့ပါတယ်။ ကျွန်တော့်အမေက ကျွန်တော်ကို စိတ်ပျက်သွားလို့မဖြစ်ဘူးဆိုတာ သိတဲ့အတွက် ဒါကို လုပ်ခဲ့တာပါ။ အမေ့ကို ဂုဏ်ယူစေချင်တယ်။ ဒါက အမေ ဂုဏ်ယူစေမယ့် ကျွန်တော့်ရဲ့နည်းလမ်းပါပဲ” လို့ ကေဂျေက ပြောပါတယ်။

ကေဂျေဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က လုပ်ဆောင်ခဲ့တဲ့အရာတွေကိုလည်း အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ သူက ဆံပင်ညှပ်ဆရာအလုပ်လုပ်ရင်းနဲ့ တစ်နှစ်စောပြီး ဘွဲ့ရတာ၊ လူမှုအဖွဲ့အစည်းအသင်းဝင်ဖြစ်တာ၊ ဘွဲ့အတွက် လိုအပ်တဲ့အရာအားလုံးနီးပါး ပြီးမြောက်တာ၊ ကောလိပ် (၃) ခုကနေ ဝင်ခွင့် လက်ခံရရှိတာတွေအပါအဝင် အောင်မြင်မှုတွေရရှိခဲ့တာပါ။

ကေဂျေက ဒီကောလိပ် (၃) ခုစလုံးထဲက ဘယ်တစ်ခုကိုမှ မရွေးချယ်သေးပါဘူး။ သူ့ရဲ့အနာဂတ်မှာ ဘာလုပ်ချင်တယ်ဆိုတာ မသေချာသေးတဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ သူ ကောလိပ်တက်မယ်ဆိုရင် သူ့ရဲ့အမှတ်တွေက ဒုတိယနှစ်ကျောင်းသားအဖြစ် တက်ခွင့်ရနိုင်ပါတယ်။ သူက စာသင်ကြားခြင်း၊ အလှပြုပြင်ခြင်း၊ ဆိုရှယ်မီဒီယာနဲ့ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်းတွေကို လေ့လာကြည့်နေပါတယ်။

Ref: ABCNews “Teen pays tribute to late mom with graduation photoshoot”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top