ဆယ်ကျော်သက်ကောင်မလေးကို (၁) နှစ်ကျော်ကြာ အွန်လိုင်းကနေ ခြိမ်းခြောက်အနိုင်ကျင့်နေတဲ့တရားခံက သူ့မိခင်အရင်းဖြစ်နေ

23-12-2022-yyl01.jpg

(၁) နှစ်ကျော်ကြာ အွန်လိုင်းကနေ ခြိမ်းခြောက်အနိုင်ကျင့်ခံရတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ဦးဟာ သူ့ကို အဲဒီလိုလုပ်နေတဲ့တရားခံက သူ့ရဲ့မိခင်အရင်းဖြစ်နေတယ်ဆိုတာ သိရှိလိုက်တဲ့အချိန်မှာ တုန်လှုပ်သွားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်က အဲဒီကောင်မလေးရဲ့မိခင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် ကန်ဒရာ လီကာရီက သူ့သမီးအရင်းအပါအဝင် ဆယ်ကျော်သက်ကျောင်းသူ/သားတွေဆီ နာမည်အတုနဲ့ အမုန်းပွားဖွယ် ခြိမ်းခြောက်အနိုင်ကျင့်စာတွေ ပေးပို့ခဲ့တာပါ။ အခု အဲဒီအတွက် တရားစွဲဆိုခံရပြီး အမှုရင်ဆိုင်နေရပါတယ်။

လီကာရီရဲ့သမီးနဲ့ သူ့ရဲ့ချစ်သူကောင်လေးတို့ ခြိမ်းခြောက်အနိုင်ကျင့်တဲ့စာတွေပေးပို့ခံရပြီးတဲ့နောက်မှာ Beal City Public Schools က တစ်နှစ်ကြာစုံစမ်းစစ်ဆေးမှုလုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အစောပိုင်းမှာ ဆယ်ကျော်သက်ကောင်မလေးက ခြိမ်းခြောက်အနိုင်ကျင့်တဲ့စာတွေ စရခဲ့ပြီးနောက် ကျောင်းက ရဲတွေကို သတင်းပို့ခဲ့တာပါ။ ရဲတပ်ဖွဲ့က အခုနှစ်နွေရာသီနှောင်းပိုင်းမှာ သူတို့ သံသယရှိနေတာက အဲဒီကောင်မလေးရဲ့အမေဖြစ်တယ်လို့ ကျောင်းကို အကြောင်းကြားလာတဲ့အချိန်မှာ အကုန်လုံးတုန်လှုပ်သွားခဲ့ရတာပါ။

ဆော့ဖ်ဝဲလ်အသုံးပြုပြီး သူ့ရဲ့တည်နေရာကို ဖုံးကွယ်ခဲ့တဲ့ လီကာရီက ဖုန်းနံပါတ်အမျိုးမျိုးရှိခဲ့ပြီး အဲဒီစာတွေနဲ့ပတ်သက်ပြီး သူ့သမီးရဲ့အတန်းဖော်တွေအပေါ်တောင် အပြစ်လွှဲချခဲ့တယ်။ ရဲတွေက စာတွေမပို့ခင်နဲ့ ပို့ပြီးနောက် ဝင်လာတဲ့၊ ပေါ်လာတဲ့ သူ့ရဲ့IP addresses ကို အသုံးပြုပြီး လီကာရီကို ရှာတွေ့နိုင်ခဲ့ပါတယ်။ (၁) နှစ်ကျော်ကြာ ပို့ခဲ့တဲ့ ခြိမ်းခြောက်အနိုင်ကျင့်တဲ့စာများစွာကိုလည်း တွေ့ရှိခဲ့ပါတယ်။

အာဏာပိုင်တွေက လီကာရီကို အမုန်းပွားစေတဲ့စာတွေရဲ့သက်သေအထောက်အထားတွေနဲ့ ရင်ဆိုင်ခဲ့ပြီးတဲ့နောက်မှာ သူ ပေးပို့ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ သူ့သမီးနဲ့သမီးဖြစ်သူရဲ့ချစ်သူကောင်လေးကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်အနိုင်ကျင့်စာတွေပို့ရတဲ့နောက်ကွယ်က အကြောင်းအရင်းကိုတော့ လီကာရီက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။ လီကာရီကို ကန်ဒေါ်လာ ၅၀၀၀ ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ အခုလကုန်မှာ တရားရုံးတက်ရမှာဖြစ်ပါတယ်။ သူက ဆယ်ကျော်သက်အရွယ်ကို ခြိမ်းခြောက်အနိုင်ကျင့်တာနဲ့ တရားမျှတမှုကို နှောင့်ယှက်တာအပါအဝင် စွဲချက် (၅) ခုနဲ့ ရင်ဆိုင်နေရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရနိုင်ပါတယ်။

Ref: TheMirror “Teen who was bullied online for a year shocked to discover culprit is her own mum”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top