တက္ကဆပ်ပြည်နယ်မှာ တင်းကြပ်မှု တွေကို ဖြေလျော့ပြီး ရက်အနည်းငယ် ကြာ ကိုရိုနာဗိုင်းရပ်စ် လူနာဦးရေ များလာ

9-6-2020-yyl-009.jpg

တက္ကဆပ်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေပြန်ရရှိဖို့အတွက် Social Distancing လုပ်ဆောင်ချက်တွေကို ဖြေလျော့ပေးပြီး ရက်အနည်းငယ်အကြာမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆေးရုံတက်ရတဲ့ လူနာအရေအတွက် များလာခဲ့တယ်လို့ ဇွန်လ (၈) ရက်နေ့က သတင်း ထွက်ရှိလာခဲ့ပါတယ်။ လက်ရှိပြည်နယ်တစ်ဝှမ်းက ဆေးရုံတွေမှာ COVID-19 လူနာ (၁,၉၃၅) ဦးရှိနေပါတယ်။ မေလ (၅) ရက်နေ့က လူနာ (၁,၈၈၈) ဦးရဲ့ ဆေးရုံမှတ်တမ်းထက် ကျော်သွားခဲ့တယ်လို့ Texas Department of State Health Services ရဲ့ဒေတာအသစ် တွေအရ သိရပါတယ်။

တက္ကဆပ်ပြည်နယ်က Stay Home အမိန့်ကို ဖြေလျော့ပေးခံခဲ့ရတဲ့ ပထမဆုံး ပြည်နယ်တွေထဲက တစ်ခုပါပဲ။ ဧပြီလ ၃၀ ရက်နေ့က Stay Home ကို ရုပ်သိမ်းခဲ့ပြီး မေလ (၁) ရက်နေ့မှာ တချို့စီးပွားရေးလုပ်ငန်းတွေက ပြန်လည်လည်ပတ်ခဲ့ကြပါတယ်။ တက္ကဆပ်ပြည်နယ်မှာ လူ (၇၅,၄၀၀) ဦး ရောဂါကူးစက်ခံခဲ့ရတာပါ။ COVID-19 ပိုးတွေ့မှုနှုန်းက မေလကုန်ထိ (၄.၂၇) ရာခိုင်နှုန်းနှေးသွားပေမယ့် အခုတော့ (၇.၅၅) ရာခိုင်နှုန်းထိ ခုန်တက်သွားခဲ့တယ်လို့ ပြည်နယ်ရဲ့ကျန်းမာရေးဌာနက ဆိုထားပါတယ်။ COVID-19 ကြောင့် ဆေးရုံတက် ရသူအရေအတွက်က များလာစဉ်မှာပဲ လူနာတွေအတွက် အထူးကြပ်မတ်ခန်းမှာ ကုတင် (၁,၆၀၀) ကျော် နဲ့ အသက်ရှုစက် (၅,၈၀၀) ကျော်သာရှိပါတယ်။ ဆေးရုံတက်ရတဲ့ လူနာအရေအတွက်က ပြည်နယ်ရဲ့ ပြန်စရမယ့် လုပ်ဆောင်ချက်တွေကို ခြေရာခံနိုင်မယ့် ပိုကောင်းတဲ့နည်းလမ်း ဖြစ်နိုင်တယ်လို့ တချို့ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

တက္ကဆပ်ပြည်နယ်က အလှပြင်ဆိုင်တွေက စည်းမျဉ်းစည်းကမ်းတချို့နဲ့ မေလ ၈ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ Gym နဲ့ အခြားဝန်ဆောင်မှုတွေ၊ အလုပ်ရုံးတွေကတော့ မေလ (၁၈) ရက်နေ့မှာ (၂၅) ရာခိုင်နှုန်းလောက်သာ ပြန်ဖွင့်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘားတွေကို (၂၅) ရာခိုင်နှုန်းနဲ့ စားသောက်ဆိုင်တွေကို (၅၀) ရာခိုင်နှုန်းသာ ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ အလုံပိတ် နေရာတွေမှာ လူတွေက ပါးစပ်နှာခေါင်းစည်းတို့ကို မဝတ်ခဲ့ဘူးဆိုရင် ဗိုင်းရပ်စ်ပျံ့နှံ့နိုင်ချေ များလာနိုင်တယ်လို့ ကူးစက်ရောဂါနဲ့ ပြည်သူကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

အမေရိကန်နိုင်ငံမှာ Memorial Day အားလပ်ရက်ပြီးကတည်းက COVID-19 ရောဂါတွေ့ရှိမှုနှုန်းက တဖြည်းဖြည်းနဲ့ များနေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၂) သန်းကျော်ရှိနေပြီး သေဆုံးသူဦးရေကတော့ အနည်းဆုံး (၁၁၃,၀၅၅) ဦးရှိနေပါတယ်။

Ref: Texas reports a record number of hospitalized coronavirus patients after state reopened early

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top