Game of Thrones ရဲ့ Season (5) ကို ပြန်လည်ခံစားခြင်း

2016-06-09_159juego-de-tronos-temporada-5.jpg

Season (5) ကိုတော့ မြောက်ပိုင်းမှာဖြစ်နေတဲ့အခြေအနေတွေကနေ အရင်ဆုံးစကြည့်လိုက်ရအောင်ပါ။ မြောက်ပိုင်းမှာ ဂျွန်စနိုးရဲ့ညစောင့်တပ်တွေကို လူရိုင်းတွေရန်ကနေ စတန်းနစ် (Stannis) က အချိန်မှီကာကွယ်ပေးနိုင်ခဲ့တယ်။ ဒါ့အပြင် တိုက်ပွဲမှာ စွမ်းစွမ်းတမံဆောင်ရွက်နိုင်တဲ့ ဂျွန်ကို ညစောင့်တပ်ရဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ကြတယ်။ စတန်းနစ်က ဂျွန်ကို နဒ် (Ned) ရဲ့တရားဝင်သားအဖြစ် သတ်မှတ်ပေးပြီး သူနဲ့အတူ ဝင်းတားဖဲလ်ကိုသိမ်းပိုက်တဲ့နေရာမှာ ညစောင့်တပ်တွေနဲ့အတူ ကူညီပေးဖို့ကမ်းလှမ်းပါတယ်။ ဒါပေမဲ့ ဂျွန်က ညစောင့်တပ်ရဲ့တာဝန်ဟာ မြို့ရိုးကြီးကိုကာကွယ်ဖို့ဖြစ်ပြီး Westros ရဲ့နန်းလုပွဲတွေကို ဝင်ပါဖို့မဟုတ်ဘူးဆိုပြီး လက်မခံခဲ့ပါဘူး။

ခေါင်းဆောင်နေရာရောက်လာတဲ့ ဂျွန်အတွက် တခြားဆုံးဖြတ်စရာတွေလည်းရှိလာပါတယ်။ မြို့ရိုးအပြင်ဘက်မှာရှိနေတဲ့ White Walkers တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ပါ။ White Walker တွေကသေလူတွေများလာလေ ပိုပြီးတော့အင်အားကောင်းလာလေဖြစ်မှာကြောင့်
လူရိုင်းမျိုးနွယ်စုတွေကို မြို့ရိုးအထဲခေါ်ထားဖို့ဆုံးဖြတ်ပြီး လူရိုင်းတွေစုဝေးရာ Hardhome ကိုထွက်လာခဲ့ပါတယ်။

ကျွန်တိုက်ပွဲတစ်ခုမှာ ဂျော်ရာနဲ့တိုင်ရီယွန်တို့ကို ဒနဲရိစ်ပြန်တွေ့ခဲ့

Westros တစ်ဖက်ခြမ်းကိုထွက်ပြေးသွားတဲ့ တိုင်ရီယွန်(Tyrion) နဲ့ လော့ဒ်ဗေးရိစ် (Lord Varys) တို့ကတော့လမ်းမှာလူကွဲသွားကြပြီး တိုင်ရီယွန်က ဒနဲရိစ်နှင်ထုတ်လိုက်တဲ့ ဂျော်ရာမော်မွန့်(Jorah Mormont) နဲ့တွေ့ပါတယ်။ ဒနဲရိစ်ဆီ ပြန်သွားခွင့်ရဖို့ အခွင့်အရေးလိုချင်နေတဲ့ ဂျော်ရာက တိုင်ရီယွန်ကို ဒနဲရိစ်လက်ထဲအပ်ဖို့ကြံပါတယ်။ ဒါပေမဲ့ လမ်းမှာ Greyscale လို့ခေါ်တဲ့အရေပြားရောဂါသည်တွေ တိုက်ခိုက်ခံရတာကြောင့် ဂျော်ရာလည်း ရောဂါကူးစက်ခံခဲ့ရတယ်။ ဒီအချိန်မှာ ဒနဲရိစ်ကတော့ အုပ်ချုပ်ရေးမှာ စိန်ခေါ်မှုတွေနဲ့ကြုံနေရပြီး ပုန်ကန်မှုတွေလည်းကြုံလာရပါတယ်။ ရှိတဲ့နဂါးတွေကိုလည်း ထိန်းချုပ်လို့မရသေးတဲ့အပြင်တောင်းဆိုမှုတွေကြောင့် သူသဘောမကျတဲ့
ကျွန်အချင်းချင်းတိုက်ပွဲတွေကိုလည်း ပြန်လည်ခွင့်ပြုခဲ့ရတယ်။ ဒီလိုနဲ့ ကျွန်တိုက်ပွဲတစ်ခုမှာ ဂျော်ရာနဲ့တိုင်ရီယွန်တို့ကို ဒနဲရိစ်ပြန်တွေ့ခဲ့တယ်။ တိုင်ရီယွန်ကို အကြံပေးအဖွဲ့ထဲမှာလက်ခံခဲ့ပေမယ့် ဂျော်ရာကိုတော့ထပ်ပြီးနယ်နှင်ဒဏ်ပေးခဲ့တယ်။

နေပြည်တော်မှာတော့ ဂျော်ဖရီသေဆုံးသွားပြီးနောက်မှာ ညီဖြစ်တဲ့ တိုမန်လန်နစ္စတာ (Tommen Lannister) နန်းတက်လာပြီး မာဂျရီတိုင်ရဲ (Margaery Tyrell) နဲ့လက်ထပ်ပေးဖို့ဖြစ်လာတယ်။ အတွေ့အကြုံနုပြီးတော့ ပျော့ညံ့တဲ့စရိုက်ရှိတဲ့တိုမန်ကို မာဂျရီက လွှမ်းမိုးပြီး တိုင်ရဲအိမ်တော် အင်အားကြီးလာအောင်လုပ်ဖို့ ကြိုးစားပါတော့တယ်။ ဒါကို ဆာဆီ(Cersei)က လုံးဝမနှစ်မြို့နိုင်ဘူး။ ဒါကြောင့် High Sparrows ဦးဆောင်တဲ့ဘာသာရေးအဖွဲ့အစည်းကိုထောက်ပံ့ပေးပြီး မာဂျရီရဲ့မောင် လိုရာ (Loras)ကို
လိင်တူချစ်ကြိုက်တဲ့ပြစ်မှုနဲ့ ဖမ်းဆီးခိုင်းလိုက်တယ်။ မာဂျရီလည်း ဖုံးကွယ်ပေးထားမှုကြောင့် အတူဖမ်းဆီးခံလိုက်ရတယ်။ ဒီအချိန်မှာ ဂျေမီ က ရန်သူတွေဖြစ်တဲ့ မာတဲလ်အိမ်တော် (Martell) လက်ထဲမှာရောက်နေတဲ့ ဆာဆီနဲ့သူရဲ့သမီး မာဆယ်လာကို တိတ်ဆိတ်ပြန်ခေါ်ဖို့
ဘရွန်နဲ့အတူ Dorne ကိုခရီးထွက်လာခဲ့တယ်။

ဆန်ဆာစတာ့ခ် (Sansa Stark) ကတော့ ဘရီအန်း (Brienne) နဲ့တွေ့ခဲ့ရပေမဲ့ ဘရီအန်းရဲ့စောင့်ရှောက်မှုကိုငြင်းဆန်ခဲ့တယ်။ ဒါကြောင့် ဘရီအန်းက အနီးအနားနောက်ကွယ်ကနေပဲ ဆန်ဆာကို လိုက်စောင့်ရှောက်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ပီတာဘေးလစ်ရှ်က ဘိုတွန်တွေနဲ့ ချစ်ကြည်ရေးလိုချင်တာကြောင့် ရမ်ဆေး (Ramsey) နဲ့ ဆန်ဆာကိုလက်ထပ်စေပြီး ဆန်ဆာကိုဝင်းတားဖဲလ်ပြန်ပို့လိုက်တယ်။ ဝင်းတားဖဲလ်ရောက်တော့မှ သီယွန်ရှိနေသးကြောင်း ဆန်ဆာသိရတာပါ။

နောက်ပိုင်းမှာတော့ ဆန်ဆာတစ်ယောက် ရမ်ဆေးရဲ့ ညှင်းပန်းတတ်တဲ့စရိုက်တွေကို သိလာရပါတော့တယ်။ အာယာ (Arya) ကတော့ Bravos ကိုရောက်ရှိသွားပြီး ယာဂင်ဟေဂါ (Jaqen H’ghar) ဆီမှာပညာသင်ခွင့်ရတယ်။ မူလပိုင်ဆိုင်ထားတဲ့ အသုံးအဆောင်တွေအားလုံးကို စွန့်ပစ်ခဲ့ပေမဲ့ အစ်ကိုဖြစ်တဲ့ ဂျွန်ပေးထားတဲ့ ဓားလေးကိုတော့ဝှက်ထားခဲ့ပါတယ်။ ယာဂင်ဟေဂါက အာယာကို လုပ်ကြံရေးနည်းလမ်းနဲ့ ဆိုင်ရာတွေသင်ပေးပြီး လုပ်ဆောင်စရာတာဝန်တွေချပေးပါတယ်။ ဒါပေမဲ့ တာဝန်တစ်ခုထမ်းဆောင်ရင်း အာယာက အမိန့်မနာခံခဲ့တာကြောင့် အပြစ်ပေးတဲ့အနေနဲ့ မျက်စိမမြင်ရတော့အောင်လုပ်လိုက်ပါတော့တယ်။

လူရိုင်းတွေကို မြို့ရိုးထဲခေါ်လာတဲ့အတွက် မကျေမနပ်ဖြစ်နေတဲ့ နောက်လိုက်တွေရဲ့ ပုန်ကန်မှုနဲ့ကြုံရပြီး ဓားနဲ့အကြိမ်ကြိမ်ထိုးခံရပြီး အသက်ပျောက်သွားတယ်

Hardhome ကိုထွက်သွားတဲ့ ဂျွန်က လူရိုင်းမျိုးနွယ်စုတော်တော်များများကို မြို့ရိုးထဲလိုက်ခဲ့ဖို့ဆွဲဆောင်နိုင်ခဲ့ပေမဲ့ သူတို့ဆွေးနွေးနေတုန်းမှာပဲ White Walkers တွေဝင်တိုက်လာတယ်။ တိုက်ပွဲမှာ ဂျွန်စနိုးက White Walker တစ်ကောင်ကို ဗလာရီးယန်းသတ္တုဓားနဲ့ သတ်လိုက်နိုင်တယ်။ ဒီလိုနဲ့ လူရိုင်းမျိုးနွယ်စုတစ်ဝက်လောက်ပဲ လွတ်အောင်ပြေးလာနိုင်ပြီး Night King က လူသေတွေကို အသက်ပြန်သွင်းနေတာကိုလည်း မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတယ်။ ဂျွန် ညစောင့်တပ်ကို ပြန်ရောက်တဲ့အချိန်မှာတော့ လူရိုင်းတွေကို မြို့ရိုးထဲခေါ်လာတဲ့အတွက် မကျေမနပ်ဖြစ်နေတဲ့ နောက်လိုက်တွေရဲ့ ပုန်ကန်မှုနဲ့ကြုံရပြီး ဓားနဲ့အကြိမ်ကြိမ်ထိုးခံရပြီး အသက်ပျောက်သွားတယ်။

ကယ်တင်ရှင်အဖြစ်ပေါ်လာတာကတော့ သူ့ရဲ့အကြီးဆုံးသောနဂါးကြီး ဒရိုဂိုပါ

တစ်ဘက်မှာ ဒနဲရိစ်ကလည်း ကျွန်တိုက်ပွဲတစ်ခုမှာ ပုန်ကန်မှုတွေနဲ့ကြုံရပါတယ်။ အခြေမလှဖြစ်နေချိန်မှာ ကယ်တင်ရှင်အဖြစ်ပေါ်လာတာကတော့ သူ့ရဲ့အကြီးဆုံးသောနဂါးကြီး ဒရိုဂိုပါ။ ဒါပေမဲ့ အကောင်းကြီးတော့မဟုတ်ပါဘူး။ တိုက်ပွဲကနေ ဝေးရာကိုပျံသန်းလာပြီး ဒနဲရိစ်ကိုတစ်နေရာမှာချသွားပြီး ဒရိုဂိုက ပြန်ထွက်သွားပါတယ်။ ဒါကြောင့် ဒနဲရိစ်တစ်ယောက်တည်း ဒေါ့တ်ရာခီလူရိုင်းအုပ်ကြီးနဲ့တွေ့ပြီး သူတို့လက်ထဲကျရောက်သွားခဲ့ပါတယ်။

ပြည်သူတွေများကြားထဲမှာ ကိုယ်လုံးတီးလမ်းလျှောက်ပြီး အပြစ်ပေးခံရ

နေပြည်တော်မှာတော့ ဆာဆီကိုယ်တိုင် ထောက်ပံ့ပေးခဲ့တဲ့ High Sparrows က အင်အားကြီးလာပြီး နောက်ဆုံး ဆာဆီကိုပါအပြစ်ရှိတယ်ဆိုပြီး ဖမ်းချုပ်လိုက်ပါတယ်။ ဆာဆီကိုအကျဉ်းချထားပြီးတော့ အပြစ်တွေအတွက် ဝန်ခံခိုင်းပေမဲ့ ဆာဆီကတော့မဝန်ခံပါဘူး။ ဒါပေမဲ့လည်း ကြာကြာမခံနိုင်ပဲ နောက်ဆုံးမှာ ဝန်ခံပြီး ပြည်သူတွေများကြားထဲမှာ ကိုယ်လုံးတီးလမ်းလျှောက်ပြီး အပြစ်ပေးခံရပါတော့တယ်။ မာဆယ်လာကိုသွားခေါ်တဲ့ ဂျေမီတို့လည်း အခြေအနေလှတာတော့မဟုတ်ပါဘူး။ အခက်အခဲတွေကြားက မာဆယ်လာကိုပြန်ခေါ်လာနိုင်ပေမဲ့ အယ်လာရီယာ (Ellaria Sand) က အဆိပ်ခတ်လိုက်တာကြောင့် ဂျေမီလက်ထဲမှာပဲ မာဆယ်လာ အသက်ပျောက်သွားရပါတယ်။

ဒီအချိန်မှာပဲ ဝင်းတားဖဲလ်ကို စတန်းနစ်တို့က စစ်ချီလာပါပြီ။ ဒါပေမဲ့လည်း မြောက်ပိုင်းရဲ့ ပြင်းထန်တဲ့ရာသီဥတုအောက်မှာ စတန်းနစ်တပ်တွေ အခြေမလှခဲ့ပါဘူး။ ဒါကြောင့် မီလီဆန်ဒရီ (Melisandre) ကိုအားကိုးပြီးတော့ သမီးဖြစ်သူ ရှီရန် (Shireen)ကိုပါ အရှင်လတ်လတ်မီးရှို့ပြီးစတေးခဲ့ကာနတ်ဘုရားတွေကို ပူဇော်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က အခြေအနေကိုပိုဆိုးသွားစေခဲ့ပြီး စတန်းနစ်ရဲ့စစ်တပ်တစ်ဝက်လောက် စွန့်ခွာသွားခဲ့ကြတယ်။ နောက်ဆုံးမှာတော့ မြောက်ပိုင်းသားတွေဖြစ်တဲ့အလျောက် မြောက်ပိုင်းကိုပိုကျွမ်းကျင်တဲ့ ရမ်ဆေးဘိုတွန်တို့ကို မယှဉ်နိုင်ပဲ စစ်ရှုံးသွားခဲ့ရတယ်။ စစ်ရှုံးပြီးစွန့်ခွာလာရတဲ့ စတန်းနစ်ကိုတော့ ဘရီအန်းက သခင်ဟောင်းရန်လေ (Renly) အတွက် လက်စားချေပြီး အဆုံးစီရင်လိုက်တယ်။ ရမ်ဆေး စစ်ထွက်တိုက်နေတဲ့အချိန်မှာ ဆန်ဆာက သီယွန်နဲ့အတူထွက်ပြေးကြပြီး သူတို့နှစ်ယောက် ဝင်းတားဖဲလ်ရဲ့မြို့ရိုးပေါ်က ခုန်ချတာနဲ့ပဲ Season (5) ကိုအဆုံးသတ်ထားပါတယ်။

ဒါကြောင့် Season (5) အဆုံးသတ်မှာတော့ အားလုံးအခြေအနေမကောင်းဘူးလို့ဆိုရမှာပါ။ အထူးသဖြင့် ပရိသတ်တွေအကြိုက်ဇာတ်ကောင်တွေဖြစ်တဲ့ ဂျွန်စနိုးသေ၊ အာယာစတာ့ခ် မျက်လုံးကန်း ပြီးကျန်ခဲ့တာတွေအကြောင့် တကယ့်ကို Cliffhanger နဲ့အဆုံးသတ်ထားတယ်လို့ ပြောလို့ရပါတယ်။

ဧပြီလ (၁၅) ရက်၊ မနက် (၇:၃၀) အချိန် HBO HD လိုင်းမှာစတင်ပြသသွားမယ့် Game of Thrones နောက်ဆုံး Season ကို Cookie TV App ကနေ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top