ဇာတ်ကားတွေမှာ ပြန်လည်ပါဝင်ဖို့ လုပ်နေတဲ့ နာမည်ကြီးအိန္ဒိယဇာတ်ကား Taare Zameen Par ရဲ့ကလေးသရုပ်ဆောင်

18-11-2022yyl09.jpg

လွန်ခဲ့တဲ့ ၁၅ နှစ်ကထွက်ရှိခဲ့ပြီး အမီရာခမ်းကိုယ်တိုင်ပါဝင်ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ နာမည်ကြီးအိန္ဒိယဇာတ်ကား Taare Zameen Par မှာ ပါဝင်ခဲ့တဲ့ ကလေးသရုပ်ဆောင်လေးကို မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီကလေးသရုပ်ဆောင်လေးက မင်းသား ဒါရှီးလ် ဆဖရေဖြစ်ပြီး အဲဒီတုန်းက သူဟာ အသက် ၁၀ နှစ်ပဲရှိပါသေးတယ်။

သူ့မိဘအပါအဝင်လူတော်တော်များများက သူ့မှာ စာရေးစာဖတ်ခက်ခဲတဲ့‌ရောဂါရှိတာကို မသိဘဲ လှောင်ပြောင်အနိုင်ကျင့်ခဲ့ကြတဲ့ အီရှန်ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုကို ရရှိခဲ့တာပါ။ သူဟာ စာရေးစာဖတ်ခက်ခဲတဲ့ရောဂါရှိတဲ့ဇာတ်ကောင်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

တကယ့်ဘဝမှာလည်း ဒါရှီးလ်က မကြာခဏ အနိုင်ကျင့်ခံခဲ့ရတာပါ။ သူ့ရဲ့အရပ်အမောင်း၊ သူ့ရဲ့သွားတွေကြောင့် လှောင်ပြောင်ခံခဲ့ရတယ်။ သူ့ရဲ့သွားက ၁ ကီလိုမီတာလောက်ထွက်နေသလိုဖြစ်နေခဲ့တယ်။ ဒါပေမဲ့ အဲဒီသွားတွေကြောင့် သူ ရုပ်ရှင်မှာ ပါဝင်ခွင့်ရခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ဒါရှီးလ်က ပြောပါတယ်။ အဲဒီဇာတ်ကားရိုက်ကူးစဉ်က ဒါရှီးလ်ဟာ အမီရာခမ်းကို ကြောက်ခဲ့ရပါတယ်။ ရိုက်ကွင်းမှာ အမီရာခမ်းက အဖေတစ်ယောက်လိုဖြစ်ပြီး သူ့ကို ကြောက်ရတယ်လို့ သူက ပြောပါတယ်။

အခု ဒါရှီးလ်က အသက် ၂၅ နှစ်ရှိနေပြီး ရုပ်ရှင်ကားတွေမှာ ပြန်လည်ပါဝင်ဖို့ လုပ်နေပါပြီ။ သူဟာ ဒါရိုက်တာတော်တော်များများနဲ့ ဆွေးနွေးပြောဆိုခဲ့ပေမဲ့ ကပ်ရောဂါဖြစ်ပွားပြီး အရာအားလုံးရပ်တန့်သွားတယ်လို့ အရင်ကပြောခဲ့ပါတယ်။ အသက် ၂၅ နှစ်လောက်ဆို မင်းသားတစ်ယောက်အဖြစ် နေသားတကျဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ သူ့ရဲ့အစီအစဉ်တွေ ပျက်ခဲ့ရတာပါ။

ဒါရှီးလ်က တီဗီစီးရီးတွေမှာ ပါဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်ဇာတ်ကားအနေနဲ့ဆိုရင် ၂၀၁၂ ခုနှစ်ရဲ့Midnight’s Children ဇာတ်ကားမှာ ပါဝင်ထားတာနောက်ဆုံးပါပဲ။ အခု သူဟာ Amazon miniTV မှာ နိုဝင်ဘာ ၁၇ ရက်နေ့ ထုတ်လွှင့်မယ့် အချစ်ဇာတ်လမ်းတို Capital A small a နဲ့ ပရိသတ်ရှေ့မှောက်ကို ရောက်ရှိလာခဲ့ပြန်ပါပြီ။

Ref: Often Bullied For His Teeth, Darsheel Safary Says He Got ‘Taare Zameen Par’ Because Of Them

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top