အရေးပေါ်အခြေအနေ ကြေညာချက်ကို ဖီဆန်ပြီး ထိုင်းနိုင်ငံမှာ လူသောင်းချီ ဆန္ဒပြ

16-10-2020-yyl-008.jpg

ထိုင်းအစိုးရရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်၊ ဆန္ဒပြပွဲကျင်းပခွင့် ပိတ်ပင်တဲ့ အမိန့်ဒီကရီ ထုတ်ပြချက်တွေကို ဆန့်ကျင်ပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူသောင်းချီက ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့မှာ စုဝေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ဆန္ဒပြသူတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ည ၆ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရအမိန့်ကို အချိန်တော်တော်ကျော်လွန်ပြီးမှ လူစုခွဲခဲ့ကြတာပါ။

ပြီးခဲ့တဲ့ကြာသပတေးနေ့အစောပိုင်းက ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ဖြိုခွင်းချိန်မှာ ဖမ်းဆီးခံရတဲ့ တက်ကြွလှုပ်ရှားသူ အနည်းဆုံး အယောက် ၂၀ ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက စည်းလုံးညီညွတ်ရေးနဲ့ အမိန့်ဖီဆန်ရေး သင်္ကေတအဖြစ် လက်သုံးချောင်းထောင်ပြီး အလေးပြုခဲ့ကြပါတယ်။ ဘန်ကောက်မြို့ ရာချာပရာဆောင်လမ်းဆုံကနေ ငြိမ်းချမ်းစွာ လူစုခွဲခဲ့တဲ့ ဆန္ဒပြသူတွေက သောကြာနေ့ ဒေသစံတော်ချိန် ၅ နာရီအချိန်မှာ ဒီနေရာကို ပြန်လာပြီး ဆန္ဒပြမယ်လို့ ဆိုကြပါတယ်။

အခုတစ်ပတ်အတွင်း ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေဟာ ထိုင်းနိုင်ငံထဲမှာ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း ရှိနေတုန်း ပေါ်ပေါက်တဲ့ ပထမဆုံးဆန္ဒပြပွဲ ဖြစ်ပါတယ်။ ပြည်ပမှာပဲ အနေများတဲ့ မဟာဝဇီရာလောင်ကွန်းဟာ ဂျာမနီနိုင်ငံကနေ ပြန်လာတာ သီတင်းပတ်တော်တော်ကြာ ရှိနေပါပြီ။ ၃ လကျော် ကြာမြင့်နေတဲ့ ဆန္ဒပြပွဲတွေကို အဆုံးသတ်နိုင်ဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ နံနက်ပိုင်းမှာ ထိုင်းအစိုးရက လူ ၄ ယောက်ထက် ပိုမိုစုဝေးခွင့်ကို ပိတ်ပင်တဲ့ အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ခဲ့ပြီး ဆန္ဒပြသူ ၂၀ ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ လူ့အခွင့်အရေးရှေ့နေ အေနွန်နမ်ပါ၊ ပင်ဂွင်းလို့ လူသိများတဲ့ ကျောင်းသားလှုပ်ရှားသူ ပါရဏ်ချီဝါရက်တို့ အပါအဝင် အဓိကကျတဲ့ ဆန္ဒပြခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။ အခုတစ်ပတ်အတွင်းမှာပဲ ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူ ၄၀ အထိ ရှိလာခဲ့ပါပြီ။

Ref: BBC ” Thai protests: Tens of thousands gather again in mass defiance of government”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top