ဆေးရုံကို လူနာတင်ကားအချိန်မီရောက်နိုင်ဖို့ လမ်းရှင်းပေးခဲ့တဲ့ ကျောင်းသူလေး ချီးကျူးခံနေရ

12-10-2020-yyl-017.jpg

ယာဉ်ကြောပိတ်ဆို့မှုကလည်း နိုင်ငံတော်တော်များများမှာ ကြုံတွေ့နေရတဲ့ပြဿနာပါပဲ။ အရေးပေါ်လူနာတင်ကားသာ ယာဉ်ကြောပိတ်ဆို့နေမယ်ဆိုရင် လူနာတင်ကားမှာ ပါလာတဲ့ လူနာအတွက် မတွေးရဲစရာပါပဲ။ ဆေးရုံကို အချိန်မီရောက်ဖို့ ယာဉ်ကြောပိတ်နေတဲ့ကားတွေကို လမ်းလေးနည်းနည်းလောက်ဖယ်ခိုင်းဖို့ကျတော့လည်း လူနာတင်ကားပေါ်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် ခက်ခဲပါတယ်။ တချို့ကားတွေ၊ လူတွေကတော့ လူနာတင်ကားလာရင် လမ်းဖယ်ပေးတတ်ကြပါတယ်။ ဘေးနားမှာရှိနေတဲ့ လူတွေကလည်း ဆေးရုံကို လူနာတင်ကားအချိန်မီရောက်နိုင်ဖို့ အမြဲကူညီပေးကြပါတယ်။ မကြာသေးခင်ကလည်း ထိုင်းနိုင်ငံက တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဟာ လူနာတင်ကားအတွက် လမ်းရှင်းပေးခဲ့လို့ လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ကို ကျေးဇူးတင်ခဲ့ကြတဲ့အပြင် ချီးကျူးစကားလည်းဆိုခဲ့ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့က လူနာတင်ကားမောင်းတဲ့သူ Nhum ဆိုတဲ့အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ မိန်းကလေးတစ်ဦးရဲ့ပုံတစ်ပုံနဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။ ပို့စ်မှာ သူရေးထားတဲ့စာက “ဒီမိန်းကလေးက အရမ်းတော်တဲ့ကျောင်းသူလေးပဲ။ ဒီလိုအခြေအနေမျိုးမှာ နတ်သမီးတစ်ပါးနဲ့ တူတယ်”ဆိုတာပါပဲ။ ဗီဒီယိုအတိုလေးမှာ တက္ကသိုလ်ကျောင်းသူလေးက လူနာတင်ကားအတွက် ကားတွေကို ဘေးနား နည်းနည်းကပ်ပေးပြီး လမ်းဖယ်ပေးဖို့ ကားမောင်းသမားတစ်ယောက်ချင်းဆီကို လိုက်ပြောပေးနေတာပါ။ ဒီဖြစ်ရပ်က အောက်တိုဘာ ၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့က ခန္ဓာကိုယ်အနှံ့အပြားမှာ အိပ်ရာနာ (Bedsore) တွေရှိနေတဲ့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့လူနာကို Vajira Hospital ကို ပို့ဆောင်ရမှာဖြစ်တယ်လို့ Nhum က Matichon Online ကို သတင်းပေးခဲ့ပါတယ်။

အဲဒီအချိန်မှာ ယာဉ်ကြောပိတ်ဆို့နေတဲ့အတွက် လူနာတင်ကားက အရေးပေါ်အချက်ပြမီးပြနေပေမဲ့လည်း မြန်မြန်သွားလို့မရခဲ့ပါဘူး။ ဒါကို သတိပြုမိခဲ့တဲ့ တက္ကသိုလ်ကျောင်းသူလေးက လမ်းမပေါ်ဆင်းလာခဲ့ပြီး လူနာတင်ကားက ဆေးရုံကို အချိန်မီရောက်ဖို့အတွက် လမ်းဘေးကပ်ရပ်ပေးဖို့ ကားတစ်စီးချင်းစီကို လိုက်ပြောပေးခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသူလေးကြောင့် လမ်းနည်းနည်းရှင်းသွားခဲ့ပြီး မီးပွိုင့်ကလည်း လွှတ်သွားတဲ့အတွက် လူနာတင်ကားလည်း ထွက်ခွာနိုင်ခဲ့ပြီး လူနာလည်း အန္တရာယ်ကင်းကင်းနဲ့ ဆေးရုံရောက်နိုင်ခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသူလေးရဲ့ ကြင်နာတတ်တဲ့နှလုံးသားကြောင့် အင်တာနက်အသုံးပြုသူတွေက ချီးမွှမ်းစကားဆိုခဲ့ကြပါတယ်။ ကျောင်းသူလေးက မနက်ခင်းအတန်းတက်ဖို့ရှိကောင်းရှိနေပေမဲ့ လူနာတင်ကားအတွက် အချိန်ပေးပြီး ကူညီပေးခဲ့တဲ့အတွက် သူ့ကို လေးစားနေကြပါတယ်။ “သူ့မိဘတွေကတော့ ဒီလိုချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့သမီးလေးရှိလို့ ဂုဏ်ယူသင့်ပါတယ်”၊ “ဒီဗီဒီယိုကို ခဏခဏကြည့်မိနေတယ်။ ဒါက အရမ်းရင်ထဲခံစားမိစေပါတယ်။ သူက လူတွေရဲ့အာရုံစိုက်မှုရဖို့ လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ ကျွန်တော်ခံစားမိတယ်။ သူ့မှာ ကြင်နာတတ်တဲ့နှလုံးသားလေး ရှိတယ်”ဆိုတဲ့ ကွန်မန့်တွေလည်း ပေးခဲ့ကြပါတယ်။

ဆေးရုံကို လူနာတင်ကား အချိန်မီရောက်ဖို့အတွက် တက္ကသိုလ်ကျောင်းသူလေးကူညီပေးခဲ့တဲ့ဖြစ်ရပ်ကို လူတိုင်းအတုယူသင့်ပါတယ်။ လူ့အသက်တစ်ချောင်းကို ကယ်နိုင်ဖို့အတွက် ဆေးရုံကို လူနာတင်ကားအချိန်မီရောက်ရမှာဖြစ်တာကြောင့် လူနာတင်ကားလာနေရင် လမ်းရှင်းပေးတာပဲဖြစ်ဖြစ်၊ လမ်းဖယ်ပေးတာပဲဖြစ်ဖြစ် ကြင်နာတရားလေးနဲ့ လူတိုင်းကူညီပေးသင့်ပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: TheSmartLocalThailand “Thai Uni Student Praised For Helping To Clear Road To Make Way For Ambulance”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top