အသက် (၂၀) ရောက်လာရင် ဘယ်လိုစိတ်ထားတွေ ထားတတ်သင့်ပြီလဲ

photo-1516534775068-ba3e7458af702.jpg

သင်က အသက်(၂၀) အရွယ် ရောက်နေပြီဆိုရင် သင့်ကိုယ်တိုင်အတွက်ကော၊ အတက်ပညာပိုင်းအရပါ ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်ရတော့မှာ ဖြစ်ပါတယ်။ သင့်ဘဝနဲ့ပတ်သက်ပြီး ပြောင်းလဲမှုအနည်းငယ်လုပ်ရတော့မှာပါ။ အသက် (၂၀) ရောက်ရင် ဘယ်လို ပြောင်းလဲမှုတွေ၊ ဘယ်လိုစိတ်ထားတွေထားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အဲဒါတွေကတော့

တစ်ယောက်တည်းလုပ်တတ်အောင်လုပ်

အရင်က တစ်ယောက်တည်းမလုပ်ချင်ခဲ့တဲ့အရာတွေကို အခုချိန်မှာ စလုပ်သင့်နေပါပြီ။ သင်တန်းတက်တာပဲဖြစ်ဖြစ်၊ တစ်နေရာသွားတာပဲဖြစ်ဖြစ်၊ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်မှာတစ်ယောက်တည်းစားတာပဲဖြစ်ဖြစ် ဘယ်လိုအရာမျိုးမဆို အခုချိန်မှာတစ်ယောက်တည်းစလုပ်တတ်ဖို့ကောင်းပါပြီ။ ဘယ်သူပါမှ၊ဘယ်ဝါပါမှဆိုတာတွေကို ဆယ်ကျော်သက်ဘဝမှာပဲ ထားခဲ့လိုက်ပါ။

အရေးမပါတဲ့ အသေးအမွှားတွေအတွက် ဒရာမာမချိုးတော့နဲ့

ဘဝမှာ နဂိုတည်းက စိတ်ပူစရာ၊စိတ်ဆင်းရဲစရာတွေများရတဲ့အထဲ အရေးမပါတာတွေကိုပါ စိတ်ဆိုးစိတ်ကောက်နေရင် စိတ်ချမ်းချမ်းသာသာနေရမယ့် အချိန်ဆိုတာတောင်ရှိမှာမဟုတ်တော့ဘူး။ ကိုယ်အခုတစ်စုံတစ်ယောက်၊တစ်စုံတစ်ခုအပေါ် စိတ်ဆိုးစိတ်ကောက်နေတာက နောက်တစ်ပတ်၊နောက်တစ်လ၊ နောက်တစ်နှစ်ဆို အရေးပါသေးလား။ မပါတော့ရင် စိတ်ရှုပ်ခံမနေပါနဲ့။

လမ်းမှာ စိတ်ဆိုးဒေါသထွက်နေလို့မြန်မြန်ပိုမရောက်ဘူး

ကားမောင်းနေရင်း ကိုယ့်ကိုကျော်တက်သွားလို့၊ ကိုယ့်ကိုနေရာမပေးလို့ဆိုပြီး စိတ်ဆိုးစိတ်တိုနေလို့ကိုယ်သွားနေချင်တဲ့နေရာကိုမြန်မြန်မရောက်ပါဘူး။ ကိုယ်ပဲ ဒေါသထွက်လို့ပူလောင်ရတာပဲအဖတ်တင်မှာပါ။ အခန့်မသင့်ရင် စိတ်တိုပြီးမောင်းလို့ယာဉ်မတော်တဆမှုတွေတောင်ဖြစ်ပွားနိင်ပါတယ်။ဒါကြောင့်မို့လို့ကိုယ့်စိတ်ထားလေးကို ကောင်းတဲ့ဘက်ကို ပြန်အာရုံစိုက်ပေးတတ်တဲ့အကျင့်လေးမွေးမြူထားပါ။

စာအုပ်ပိုဖတ်သင့်ပြီ

ကိုယ့်အလုပ်အတွက် သက်ဆိုင်ရာ ဗဟုသုတစာအုပ်တွေကိုပဲဖြစ်ဖြစ်၊ ကိုယ့်ကြိုက်နှစ်သက်တဲ့ ရသစာအုပ်အမျိုးအစားကိုပဲဖြစ်ဖြစ် ဖတ်တာက ကိုယ့်စိတ်ကို အစာကျွေးရာရပါတယ်။ ပညာရပ်ဆိုင်ရာစာအုပ်တွေဟာ ကိုယ့်ကို အသိညဏ်အသစ်တွေပေးနိုင်သလို ရသစာအုပ်တွေဟာ ကိုယ့်ကို အတွေးသစ် အမြင်သစ်၊ရှူထောင့်အသစ်တွေကို ပေးစွမ်းနိုင်တဲ့အပြင် ဦးနှောက်မှတ်ညဏ်ကိုလည်းပိုကောင်းစေလို့ဖုန်းကိုချပြီး စာအုပ်ဖတ်ပါ။

အတွေ့အကြုံတွေကို ရအောင်စု

အတွေ့အကြုံဆိုတာမှာ အလုပ်အတွေ့အကြုံတင်မဟုတ်ပဲ ခရီးထွက်တဲ့အတွေ့အကြုံ၊ တောင်တက်တဲ့အတွေ့အကြုံ၊၊ သူငယ်ချင်းတွေမုန့်အတူတူစုပြီးလုပ်စားကြတဲ့အတွေ့အကြုံ အစရှိတဲ့ အတွေ့အကြုံမှန်သမျှပါဝင်ပါတယ်။ ခရီးသွားတဲ့အခါကြရင် ဝယ်လာတဲ့ ပစ္စည်းတွေထက် ချစ်တဲ့သူတွေနဲ့အတူတူ အချိန်ကုန်ဆုံးခဲ့ရတဲ့အချိန်တွေက သင့်ကို ပိုပြီးပျော်ရွှင်စေတာမလား။ ဒီအသက်အရွယ်မှာ ပစ္စည်းတွေဝယ်နေမယ့်အစား အတွေ့အကြုံတွေ၊အမှတ်တရတွေ ကျန်အောင်လုပ်ခြင်းက နောင်တစ်ချိန်မှာ အသက်ကြီးလို့ပြန်လည်အမှတ်ရတဲ့အခါ သတိရစရာတွေအဖြစ်ကျန်ခဲ့မှာပါ။

ကိုယ်နဲ့မတူတဲ့ သူများရဲ့အတွေးအမြင်တွေကိုနားလည်နိုင်အောင်လုပ်

ကိုယ်နဲ့မတူတိုင်း ရန်သူမဟုတ်ဘူး။ အဖြူမဟုတ်ဘူးဆိုတိုင်း မည်းနေတာ မဟုတ်ဘူးဆိုတဲ့ သဘောထားကို ဒီအရွယ်မှာ စတင်သဘောပေါက်ဖို့လိုပါပြီ။ ဖြတ်သန်းလာရတဲ့ ဘဝ၊ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင် မတူတဲ့ အခြေအနေတွေမှာ ပြဿနာတစ်ခု၊ဖြစ်ရပ်တစ်ခုအပေါ်မှာ မြင်တဲ့ အမြင်ကတူကြမှာမဟုတ်ပါဘူး။ ကိုယ်နဲ့မတူတိုင်းသာ စိတ်ဆိုး၊စကားမပြောဆက်လုပ်နေမယ်ဆိုရင် ပေါင်းစရာလူတောင်ကျန်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ဘယ်သူကတော့ ငါနဲ့အမြင်မတူတာ၊ ဘယ်သူကတော့ စိတ်ဓာတ်မကောင်းလို့မပေါင်းသင့်တာ အစရှိသည့်ဖြင့် မိမိကိုယ်ပိုင်ညဏ်နဲ့စတင်ဆုံးဖြတ်ပါ။

Ref: “Uncomfortable Changes You Need to Make in Your 20s If You Want to Live A Life Without Regret”
Elsa(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top