မြို့ပြမှာ ငြီးငွေ့လို့ တောင်စောင်းဘေးမှာ တစ်ဦးတည်း အဖီထိုးနေတဲ့ ၂၁ နှစ်အရွယ် တရုတ်အမျိုးသား

27.12.23-yyl-8.jpg

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရဲ့ တောင်စောင်းတစ်ခုမှာတော့ မြို့ပြလူနေမှုစနစ်ကို စိတ်ကုန်နေတဲ့ ၂၁ နှစ်အရွယ် အမျိုးသားတစ်ယောက်ရဲ့ အဖီငယ်လေး ရှိပါတယ်။ လျှို့ယူဝမ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ရှားရှီရှန်းဆိုတဲ့ မွေးရပ်မြို့လေးကို စွန့်ခွာပြီး တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ ကွမ်တုံပြည်နယ်၊ ရှန်တိုးမြို့ကို အလုပ်သွားရှာခဲ့ပါတယ်။

ဒါပေမဲ့ အထက်တန်းပညာရေးတောင် မပြီးဆုံးတဲ့ လျှို့ယူဝမ်အတွက် အလုပ်ရှာရတာ ခက်ခဲလွန်းပါတယ်။ ပညာအရည်အချင်း မပြည့်မီလို့ သူ့ကို စက်ရုံတော်တော်များများက လက်မခံပါဘူး။ နောက်တော့ သူက ကားဝပ်ရှော့မှာ အလုပ်ရသွားပါတယ်။ နောက်တော့ ဆောက်လုပ်ရေးလုပ်သားဘဝ၊ အထည်ချုပ်စက်ရုံလုပ်သားဘဝတွေ ကျင်လည်ခဲ့ပါတယ်။

မြို့ပြလူနေမှုဘဝကို ငြီးငွေ့သွားတဲ့ လျှို့ယူဝမ်ဟာ ၂၀၂၂ ခုနှစ်အကုန်မှာတော့ တောင်တန်းတွေ၊ မြစ်ချောင်းတွေရှိရာ သူ့ရဲ့ မွေးရပ်မြေဆီ ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလုပ်ထွက်ပြီး ပြန်လာမှာကို လျှို့ယူဝမ်ရဲ့ မိဘတွေနဲ့ အစ်ကိုက လက်မခံပါဘူး။ ဒါပေမဲ့ လျှို့ယူဝမ်ကတော့ ရိုးရှင်းတဲ့ဘဝမျိုးပဲ နေချင်ပြီး ဖိအားတွေအောက်က ရုန်းထွက်ဖို့အတွက် တောင်စောင်းမှာ အဖီထိုးပြီး နေထိုင်ခဲ့ပါတယ်။

” စက်ရုံမှာဆိုရင် မနက် ၈၊ ည ၁၀ အထိ အလုပ်လုပ်ရတယ်။ အချိန်ပိုလည်း ဆင်းရသေးတယ်။ ကိုယ်ပိုင်အချိန်ဆိုတာ မရှိဘူး။ အခုတော့ ငှက်သံလေးတွေနဲ့ မနက် အိပ်ယာထပါတယ်” လို့ လျှို့ယူဝမ်က ဆိုပါတယ်။ လျှို့ယူဝမ် ကြုံတွေ့ခံစားရတဲ့ အခြေအနေဟာ တရုတ်နိုင်ငံရဲ့ အခြားလူငယ်တွေကြားမှာလည်း ရိုက်ခတ်နေပါတယ်။ သူတို့ဟာ ကလေးဘဝမှာ ကျောင်းစာဖိသင်ရပြီး လုပ်ငန်းခွင် ဝင်တော့လည်း ဖိအားဒဏ် ပြင်းပြင်းထန်ထန် ခံစားရတာကြောင့် ဘဝကို ငြီးငွေ့လာကြတာပါ။

ဒါ့အပြင် အလုပ်အကိုင် ရှားပါးမှုကလည်း ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။ အမျိုးသားစာရင်းအင်းဌာနရဲ့ အချက်အလက်တွေအရ တရုတ်နိုင်ငံမှာ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်မှုနှုန်းဟာ ပြီးခဲ့တဲ့ဇွန်လအတွင်း ၂၁.၃ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

လျှို့ယူဝမ်ကတော့ သူ့ရဲ့ကျေးလက် နေထိုင်မှုပုံစံအကြောင်း ဗီဒီယိုရိုက်ပြီး YouTube ပေါ် တင်ရာမှာ အားပေးသူ ၁၈ သန်းအထိ ရှိခဲ့တာကြောင့် ဗီဒီယို တစ်ပတ်၊ တစ်ပုဒ် တင်ရတဲ့အထိ အောင်မြင်နေပါပြီ။ လျှို့ယူဝမ် တစ်ယောက်တည်း နေတာကို စိတ်မချလို့ မိဘတွေက သူ့တဲအိမ်မှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ပေးထားပြီး ဆိုလာပြားတွေလည်း တပ်ထားပါတယ်။

ကျေးလက်မှာ နေထိုင်ရတာ သူ့အတွက် စိန်ခေါ်မှုတွေ ရှိပေမဲ့ လျှို့ယူဝမ်က မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ပြီး ဝမ်းရေးကို ဖြေရှင်းပါတယ်။ သူက ဂေါ်ဖီ၊ ကြက်သွန်၊ ကန်စွန်းဥ အစရှိတဲ့ သီးနှံတွေ စိုက်ပျိုးတယ်၊ မျှစ်ခူးတယ်။ ဝက်မွေးတယ်။ အဖော်အဖြစ် ခွေးနှစ်ကောင် မွေးတယ်။ ဒီအကြောင်းတွေကို ဗီဒီယိုရိုက်ပြီး YouTube ပေါ် တင်တာဖြစ်ပါတယ်။ တစ်ယောက်တည်း နေရပေမဲ့ တီဗီ ကြည့်တာ၊ သူ့ရဲ့ ခွေးတွေနဲ့အတူ ကစားတာ အစရှိတဲ့ လုပ်ရပ်တွေကြောင့် ပျင်းစရာမကောင်းဘူးလို့ သူက ဆိုပါတယ်။

Ref: The 21-year-old ‘retiree’ who left China’s rat race for life in the rural mountains

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top