အဆင်ပြေ ထိရောက်တဲ့ ပိုက်ဆံစုနည်း (၅၀/၃၀/၂၀ နိယာမ)

40573165_2216702701881557_6738493307317387264_o.jpg

လစာတွေလည်းရပြီ။ ဝယ်ချင်တာတွေလည်း စဉ်းစားပြီးပြီ။ မုန့်စားဖို့ကလည်း လက်တပြင်ပြင်နဲ့….။ ဟိုး…ရပ်! အတွေးတွေကို အဲဒီမှာတင် ခဏရပ်လိုက်ပါဦး။ ရက် ၂၀ ကျော် ပတ်ဝန်းကျင်တွေမှာ ပိုက်ဆံမရှိလို့ စိတ်ဆင်းရဲနေရတာတွေ၊ ပြတ်တုန်း လပ်တုန်း ၂၃ တွေကို

မေ့သွားပြီလား။ လတိုင်း ပိုက်ဆံကြောင့် စိတ်ညစ်နေရတာ မတန်ပါဘူး။ ဒီ ၅၀/၃၀/၂၀ နိယာမလေးကိုသာ တစ်လလောက် လက်တွေ့ကျင့်သုံး ကြည့်လိုက်ပါ။

(၁) လိုအပ်တာတွေအတွက် လစာရဲ့ ၅၀% (ဝင်ငွေခွန်ဆောင်အပြီး လစာ)

လိုအပ်တယ်ဆိုတဲ့ နေရာမှာ အိမ်အတွက် စားသောက်ကုန်တွေဝယ်တာ၊ ရေဖိုး၊မီးဖိုး၊ ဆေးဖိုး၊ သွားလာစရိတ်၊ မိမိ/မိမိကလေးရဲ့ကျောင်းလခ စသည်ဖြင့် မဖြစ်မနေ သုံးကိုသုံးရမယ့် စရိတ်တွေအကုန်ပါဝင်ပါတယ်။ တစ်လလုံးမှာ လိုအပ်တာတွေအတွက် ၅၀% ထဲ ဝင်နိုင်အောင်သုံးပါ။ တစ်ခုသတိထားရမှာက လိုအပ်တာနဲ့ လိုချင်တာကို မရောထွေးပါနဲ့။ ဆိုင်ကောင်းကောင်းမှာ စားချင်တာ၊ အမွှေးပွရုပ်အကြီးကြီး ရချင်တာတွေက လိုချင်တာပါ။ လိုအပ်တာမဟုတ်ပါဘူး။

(၂) လိုချင်တာအတွက် ဝင်ငွေရဲ့၃၀%

၃၀% ပဲသုံးမယ်ဆိုတာ အတွေးထဲမှာတော့ မဆိုးပါဘူး။ တကယ်အပြင်မှာ လက်တွေ့လုပ်နိုင်ပါ့မလား။ ဒစ်စကောင့်ချနေတဲ့ ဖိနပ်လှလှလေးတွေ၊ ဆံပင်ကေပြင်ချင်တာတွေ၊ ခရီးထွက်ချင်တာတွေ၊ စားလို့အင်မတန်ကောင်းပါတယ် ဆိုတဲ့ ဘူဖေးဆိုင်တွေ။တကယ်တမ်း ကိုယ်အသုံးစရိတ်ကို စစ်ကြည့်မယ်ဆိုရင် လိုချင်တာတွေကို ပိုသုံးမိတာများပါတယ်။ ဒီပစ္စည်းဟာ ကိုယ်လိုအပ်နေတာပါလို့ ကိုယ့်စိတ်ကို လှည့်စားမိလို့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်စည်းကမ်းကို ချပါ။ ကိုယ့်စိတ်ကိုနိုင်ပါ။ မဝယ်ခင် တစ်ပတ်လောက်စောင့်ပြီး ကိုယ့်စိတ်ကိုပြန်စောင့်ကြည့်ပါ။

(၃) စုဆောင်းဖို့က ၂၀%

ဒါကတော့ တစ်ချိန် ကိုယ်ပင်စင်ယူဖို့ဆိုပြီးစုတာကနေ သာရေး၊ နာရေး သုံးဖို့ အလယ် ပုဂံကို သူငယ်ချင်းတွေနဲ့သွားလည်ဖို့ဆိုတာအဆုံး အထိ စုနိုင်ပါတယ်။ ဘာ goal ညာ goal တွေအတွက်က သတ်သတ်၊ အနာဂတ်အတွက်အရေးပေါ်စုဆောင်းငွေ သက်သက် (ဆေးရုံတက်ရတာ၊ ယာဉ်တိုက်မှုဖြစ်တာ၊ သဘာ၀ဘေးအန္တရာယ်ဖြစ်တာ စသည်) ဆိုပြီးတော့လည်း စုနိုင်ပါသေးတယ်။

ရိုးရာလေးရဲ့ စာဖတ်ပရိသတ်ကြီးလည်း ဒီနည်းလမ်းကို အသုံးပြုပြီး လတစ်လရဲ့ရက်၂၀ ကျော်တွေမှာ ပိုက်ဆံနဲ့ပတ်သက်လို့ စိတ်ညစ်ရတာတွေ ကုန်ဆုံးလွန်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်…။

Ref: “The 50/30/20” Rule of Thumb for budgeting”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top