အသက်ငယ်ငယ်လေးနဲ့ အက်ပ်တီထွင်သူ၊ စာရေးဆရာဖြစ်နေတဲ့ (၈) နှစ်အရွယ် ပါရမီရှင်လေး

1.2.2023-image-၅.jpg

အိန္ဒိယနိုင်ငံက ပါရမီရှင်လူငယ်လေးတစ်ဦးဟာ သူ့ရဲ့ထက်မြက်မှု၊ တီထွင်ဖန်တီးမှုတွေကို ကမ္ဘာကြီးကို ချပြနေပါတယ်။ သူဟာ ဘန်ဂလိုမြို့က ၈ နှစ်သားလေး ရီရှီ ရှီဗ် ပရာဆန်နာပါ။ မကြာသေးခင်ကမှ သူဟာ အက်ပ်တီထွင်သူတစ်ယောက်အနေနဲ့ ဆန်းသစ်တီထွင်မှုအတွက် Pradhan Mantri Rashtriya Bal Puraskar Award ဆုကို ချီးမြှင့်ခံခဲ့ရတာပါ။

ရီရှီက အက်ပ်တီထွင်သူ၊ စာရေးဆရာနဲ့ YouTuber ဖြစ်ရုံသာမက ရူပဗေဒပညာရှင် အဲလ်ဘတ် အိုင်းစတိုင်းထက် အိုင်ကျူ ၁၈၀ ရှိတဲ့ ကောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူက ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများ အဖွဲ့ (Mensa International) ရဲ့ အငယ်ဆုံးအဖွဲ့ဝင်တွေထဲက တစ်ယောက်ပါပဲ။ သူက အခြားသူတွေအတွက် သိပ္ပံပညာနဲ့ ပတ်သက်တဲ့ ပညာရေးဆိုင်ရာဗီဒီယိုတွေကိုလည်း တင်ပေးပါတယ်။

သူ သာမန်ထက်ပိုပြီး ဉာဏ်ရည်ထက်မြက်တယ်ဆိုတာကို မူကြိုကျောင်းမှာ သူ့ရဲ့ဆရာမတွေက စပြီးသတိထားမိခဲ့တာပါ။ အသက် ၃ နှစ်အရွယ်မှာ သူဟာ ဆိုလာစနစ်၊ ဂြိုဟ်တွေနဲ့ စကြာဝဠာအကြောင်း ပြောတတ်နေပါပြီ။ ၅ နှစ်အရွယ်ရောက်တော့ Coding ကို သင်ယူခဲ့တယ်။ သူက ကလေးတွေအတွက် အိုင်ကျူစစ်ဆေးတဲ့အက်ပ်အပါအဝင် မိုဘိုင်းအက်ပ် (၃) ခုကို တီထွင်ခဲ့ပြီးပါပြီ။ စာအုပ် (၂) အုပ်ကို ရေးသားပြီးခဲ့တဲ့အပြင် စီးရီးလိုက်ရေးသားမယ့် နောက်ထပ်စာအုပ်အသစ်တစ်အုပ်ကိုလည်း ရေးသားဖို့လုပ်နေပါတယ်။

ရီရှီက အိန္ဒိယသမ္မတ ဒရူပါဒီ မာမူနဲ့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီတို့နဲ့လည်း တွေ့ဆုံဂုဏ်ပြုခံခဲ့ရပါတယ်။ ဝန်ကြီးချုပ်ကတော့ သူ ဒီဇိုင်းထွင်ခဲ့တဲ့ အက်ပ်တွေအကြောင်းနဲ့ အဲဒါတွေရဲ့အသုံးဝင်မှုအကြောင်း မေးခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီးနှင့်ကလေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဆာရီတီ အီရာနီကလည်း ရီရှီက ပါစတာနှစ်သက်တာကို သိရှိခဲ့ပြီးတဲ့နောက်မှာ “Pastaman” လို့ နာမည်ပြောင်ပေးခဲ့ပါတယ်။

ရီရှီက အသက် ၅ နှစ်မှာ သူ့ရဲ့အိုင်ကျူအဆင့်ကို သိလာတာဖြစ်ပေမဲ့ အဲဒီအချိန်မှာ တော်တော်များများကို စလုပ်ပြီးနေပါပြီ။ လူတိုင်းမှာ အရည်အချင်းရှိကြပြီး အခြားအရာတွေကို မစိုးရိမ်ဘဲ သူတို့ရဲ့စွမ်းရည်တွေကို စူးစမ်းကြည့်သင့်တယ်။ အားပေးတိုက်တွန်းမှုက သူတို့ရဲ့စွမ်းဆောင်ရည်ကို ဖွင့်ပေးဖို့ သော့ချက်ဖြစ်တယ်လို့ သူက ယုံကြည်ထားပါတယ်။

Ref: The 8-year-old app developer: Rishi Shiv Prasanna’s inspiring story

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top