အကောင်းဆုံးတွေကိုသာ အမြဲဖန်တီးပေးပါ

8-7-2020-yyl-022.jpg

လူတစ်ယောက်ဟာ ငယ်စဉ်လူလတ်ပိုင်းအရွယ်ကတည်းကနေ အသက်အရွယ်ရလာတဲ့အထိ လက်သမားအတတ်ပညာတစ်ခုတည်းနဲ့သာ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အသက်အရွယ်ကြောင့် လှုပ်ရှားမှုတွေ နှေးကွေးလာတဲ့အခါ သူရဲ့အသက်မွေးကျောင်းဖြစ်တဲ့ လက်သမားအလုပ်ကနေပြီးတော့ အနားယူဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အလုပ်ကအနားယူတော့မယ့်အကြောင်းကို နှစ်အတော်အကြာ လက်တွဲပြီးလုပ်ခဲ့တဲ့ သူရဲ့အလုပ်ရှင်ကို ပြောပြလိုက်ပါတယ်။ အဲဒီအကြောင်းကို အလုပ်ရှင်ဖြစ်သူက ကြားသိလိုက်တဲ့အခါ ဝမ်းနည်းသွားခဲ့ပြီး နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးကို ဆောက်လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်ကို လက်သမားဖြစ်သူကလည်း လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်ငန်းစတင်လုပ်ကိုင်တဲ့အခါမှာတော့ သူဟာ အရင်လို တက်တက်ကြွကြွလုပ်ကိုင်ခြင်းမရှိတော့ဘဲ ကတိတစ်ခုကြောင့် ဆောက်လုပ်ပေးတဲ့သဘောမျိုးနဲ့သာ ဆောက်လုပ်ခဲ့ပါတယ်။ အိမ်ဆောက်ရာမှာလည်း ဈေးသက်သာတဲ့ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ သာမန်အလုပ်သမားတွေကိုသာ ရွေးချယ်ပြီး အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်လိုက်ပါတယ်။

တဖြည်းဖြည်းနဲ့ ဆောက်လုပ်လာခဲ့ရာ အိမ်တစ်အိမ်လုံး ဆောက်လုပ်ပြီးစီးတဲ့ နေ့ကို ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီအခါ လက်သမားဆရာကြီးက သူရဲ့အလုပ်ရှင်ကို ခေါ်ပြီးပြပါတယ်။ ဒီအခါမှာတော့ အလုပ်ရှင်ဖြစ်သူက မမျှော်လင့်ထားတဲ့ အပြုအမူတစ်ခုကို ပြုလုပ်လိုက်ပါတယ်။ ဘာလဲဆိုတော့ စက္ကူစာအိတ်တစ်အိတ်ကို ယူလာခဲ့ပြီး လက်သမားဆရာကြီးကို ပေးပြီးဖွင့်စေပါတယ်။ စာအိတ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ ဆောက်လုပ်ပြီးစီးသွားတဲ့ အဆောက်အဦနဲ့ ပတ်သက်ပြီးအရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဖြစ်လို့နေပြီး ဒီထက် အံဩစရာကောင်းတာတစ်ခုကတော့ စာရွက်စာတမ်းအားလုံးက လက်သမားဆရာကြီးရဲ့ နာမည်နဲ့ ပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။ အဲဒီအခါမှာတော့ ပိုင်ရှင်ဖြစ်သူက ” ဆရာကြီး…ခင်ဗျား ကျွန်တော်နဲ့ ရေရှည်လက်တွဲပြီးအလုပ်လုပ်လာခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ အလုပ်ကိုလည်းကြိုးစားသလို ကျွန်တော့်အပေါ်ကိုလည်း သစ္စာရှိခဲ့တယ်။ ဒါကြောင့် ဒီအဆောက်အဦကို ဆရာကြီးအတွက် ကျွန်တော်လက်ဆောင်ပေးတာပါ။ လက်ခံပေးပါ” လို့ ဆိုလိုက်ပါတယ်။ ဒီအခါမှာတော့ လက်သမားဆရာကြီးက ဘာပြန်ပြောရမှန်းမသိအောင်ဘဲ ငြိမ်သက်သွားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရှက်စိတ်နဲ့အတူ နောင်တလည်း ကောင်းစွာရမိသွားပါတယ်။

ဒီအကြောင်းအရာလေးနဲ့ ပတ်သတ်ပြီးတော့ ရိုးရာလေးစာဖတ်ပရိသတ်ကြီးရော ဘယ်လိုတွေးမိပါသလဲ။ ကျွန်တော်တို့အားလုံး တစ်ခါတလေ စိတ်မပါဘဲ ပြောရဆိုရ လုပ်ရကိုင်ရတဲ့အရာတွေ ရှိပါတယ်။ စိတ်မပါဘဲ လုပ်တဲ့ ဘယ်အရာမဆို အကောင်းဆုံးပုံစံနဲ့ မရရှိနိင်ပါဘူး။ အဲဒီတော့ စိတ်မပါတော့ပေမဲ့ လုပ်ရမယ့်အတူတူ အကောင်းဆုံးသာလုပ်ပါ။ ပြောရမယ့်အတူတူ အချိုသာဆုံးသာ ပြောပါ။ ကိုယ်ပြုတဲ့ အပြုအမူအတိုင်းနဲ့ တူညီတဲ့ တန်ပြန်သက်ရောက်မှုကို မလွဲမသွေ ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။

Ref: ” The Carpenter “

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top