ဆီးချိုရောဂါရှင် တွေ ဥပုသ်စောင့်လို့ရလား

5f11537181b5e.jpg

ဝါတွင်းရောက်ပြီဆိုတော့ သူသူကိုယ်ကိုယ် ဥပုသ်စောင့်ဖို့ ပြင်ဆင်နေကြပါပြီ။ မနှစ်ကလို ဘုန်းကြီးကျောင်းတို့၊ တရားစခန်းတို့သွားပြီး ဥပုသ်စောင့်ဖို့ မလွယ်ဘူးဆိုတော့ အိမ်မှာပဲ စောင့်ရတော့မှာပေါ့။ ဒီထဲမှာ မေးလာကြတာက ဆီးချိုရောဂါရှင် တွေရော ဥပုသ်စောင့်လို့ ရလားဆိုတာပါပဲ။ ဥပုသ်စောင့်ချင်ပေမယ့် ဆီးချိုရောဂါကြောင့် စောင့်ရင် ကောင်းမလား၊ မစောင့်ရင်ကောင်းမလား တွေးနေကြသူတွေ အများကြီးပါ။ ဘာလို့လဲဆိုတော့ ဆီးချိုရောဂါရှင် တွေက အစာနဲ့ ဆေးနဲ့ တွဲနေရတာကိုး။ ဒီကြားထဲမှာ အင်ဆူလင်နဲ့ ဖောက်၊ ထိုး၊ စား လုပ်ရတဲ့ သူတွေလည်း ရှိသေးတယ်လေ။ သူတို့တွေအတွက် ဆီးချိုနှင့်ဟော်မုန်းရောဂါအထူးကုပညာဌာနက အကြံပြုထားတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဆီးချိုရောဂါရှင် တွေ ဥပုသ်စောင့်လို့ရလား။

ယေဘုယျအားဖြင့်တော့ စောင့်လို့ရပါတယ်။ ဒါပေမယ့်

ဥပုသ်မစောင့်မီက ဆီးချိုကောင်းကောင်းထိန်းနိုင်ရဲ့လား။
ဘယ်လိုအစားအစာမျိုးတွေ စားလေ့ရှိလဲ။
အရင်က မကြာခဏ ဆီးချိုကျတတ်တဲ့သူလား။
ဆီးချိုပုံမှန်စစ်ဆေးနိုင်ပါ့မလား။
နောက်ဆက်တွဲ ရောဂါ (ဥပမာ ကျောက်ကပ်ထိနေပြီလား)
နေ့တိုင်းစောင့်မှာလား၊ ဥပုသ်ရက်ပဲ စောင့်မှာလား စတဲ့အချက်တွေလည်း ထည့်သွင်းစဉ်းစားရမှာပါ။

ဒါကြောင့် အကောင်းဆုံးက ဥပုသ်စောင့်မယ်လို့ စဉ်းစားထားရင် အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပါ။ စားဆေး၊ ထိုးဆေးတွေ ပြန်ညှိဖို့လိုပါတယ်။ ဘာတွေစားရမလဲဆိုတာလည်း ပြန်တိုင်ပင်ရမှာပါ။

ဆီးချိုဆေးတွေ ဆက်သောက်၊ ဆက်ထိုးလို့ရပါသလား။

ဒါကလည်း တော်တော်များများ သိချင်နေကြတာပါ။ ဆီးချိုဆေးတွေက အစာနဲ့ကိုက်ပြီး ပေးထားတာဆိုတော့ ခုတစ်နပ်လျှော့စားလိုက်ရင် ဆေးက မသောက်ရတော့ဘူးလား။ မသောက်လို့ ဆီးချိုမထိန်းနိုင်ရင် ဘယ်လိုလုပ်မလဲဆိုပြီး တွေးပူတတ်ကြပါတယ်။ တော်တော်များများ မနက်ပိုင်းဆေးတွေကတော့ သောက်လို့ရပါတယ်။ ညနေစာနဲ့ သောက်ရတဲ့ ဆေးတွေသာ မနက်ပိုင်းကို ရွေ့ရတာတို့၊ ဆေးအတိုးအလျှော့လုပ်ရတာတို့ ရှိတာပါ။

ဆေးထိုးမယ်ဆိုရင်လည်း တစ်နေ့တစ်ခါထိုးလား၊ နှစ်ခါထိုးလား၊ အကြည်လား၊ အနောက်လား စသဖြင့် ရှိပါတယ်။ ဒါတွေကိုရော ဘယ်လိုအတိုးအလျှော့ လုပ်မလဲ စသဖြင့် လူနာတစ်ယောက်နဲ့ တစ်ယောက် မတူတာမို့လို့ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဥပုသ်စောင့်ရင်း ဆီးချိုကျခဲ့ရင်

ဥပုသ်စောင့်တဲ့အချိန်မှာ ဆီးချိုကျသွားမလားဆိုပြီး စိုးရိမ်တဲ့သူတွေလည်း ရှိပါတယ်။ အရင်ဆုံး ဆီးချိုကျတဲ့ လက္ခဏာတွေကို ပြောပြပေးပါမယ်။ ဆီးချိုကျပြီဆိုရင်

ချွေးထွက်လွန်မယ်
အမြင်ဝါးမယ်
မူးဝေမယ်
ဆာလောင်မယ်
နှလုံးခုန်မြန်မယ်
ကတုန်ကရင်ဖြစ်မယ်
ပင်ပန်းနွမ်းနယ်မယ်

ဒါဆိုရင်တော့ ဆီးချိုဖောက်ကြည့်ပါ။ ၇၀ မီလီဂရမ်အောက်ဆိုရင် အချိုရည် ၁၅၀စီစီ ဒါမှမဟုတ် ဖန်ခွက်တစ်ဝက်သောက်ပါ။ သကြားလက်ဖက်ရည်ဇွန်း ၃-၄ဇွန်း ဒါမှမဟုတ် ဂလူးကို့စ် ၁၀ ဂရမ် ၂ထုပ်ကို ရေတစ်ဖန်ခွက်နဲ့ ဖျော်သောက်နိုင်ပါတယ်။ ၁၅မိနစ်နေရင် ဆီးချိုထပ်ဖောက်ကြည့်ပါ။

၇၀ အထက်ဆိုရင် ထမင်းစားချိန်ဆို ထမင်းစားပါ။ ထမင်းစားချိန်မဟုတ်ရင် ဘီစကစ်၊ ပေါင်မုန့်၊ သစ်သီး တစ်ခုခု စားပါ။ မွန်းလွဲချိန်ဆို ထန်းလျက်၊ ကြံသကာ၊ သကြားလုံး၊ စတုမဓု စားနိုင်ပါတယ်။
၇၀ အောက်ဆိုရင် ခုနကအတိုင်း တစ်ခေါက်ပြန်သောက်ပြီး ၁၅မိနစ်နေရင် ထပ်စစ်ပါ။ ၇၀အောက်ဆိုရင် နောာက်တစ်ကြိမ်ထပ်သောက်ပါ။ ၁၅မိနစ်နေရင် ထပ်စစ်ပါ။ ၃ကြိမ်ဆက်တိုက် သောက်ပြီးတာတောင် တက်မလာဘူးဆိုရင် နီးရာ ဆေးရုံ၊ ဆေးခန်းကို သွားပါ။

နောက်ထပ်သတိထားရမယ့် အချက်တွေကတော့

ဆီးချို မှန်မှန်ဖောက်ပေးပါ။ ဆေးတွေ ပုံမှန်သောက်ပေးပါ။
တစ်နပ်လျှော့စားရလို့ ဆီးချိုကျမှာစိုးပြီး ထမင်းတွေ အများကြီး မစားပါနဲ့။
အဆာခံအောင် အသီးအရွက်များများ၊ အသားများများ၊ ဥ၊ ပဲတွေကို စားပေးပါ။
မွန်းလွဲချိန်မှာ ဆီးချိုကျမှာစိုးလို့ အချိုရည်တွေ အများကြီးသောက်တာမျိုးလည်း ရှောင်ပေးပါ။
ဒီနည်းလမ်းတွေနဲ့ ဆိုရင်တော့ ဆီးချိုရောဂါကို ကောင်းကောင်းထိန်းနိုင်ပြီး စိတ်ချလက်ချ ဥပုသ်စောင့်နိုင်မှာပါ။

Ref : hellosayarwon

ရေးသားသူ Dr. Htet Htet Zaw Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top