သူ့ကို ကျောပိုးကာ ကမ္ဘာပတ်ပေးခဲ့တဲ့ သူငယ်ချင်းတွေကို ပိုင်ဆိုင်ထားတဲ့ မသန်စွမ်းအမျိုးသား

7-10-2022-yyl01.jpg

ကယ်ဗန် ချန်ဒလာဟာ သူငယ်ချင်းကောင်းတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူ့သူငယ်ချင်းတွေအပေါ်ကို အရမ်းယုံကြည်ပြီး သူတို့သူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက် ခိုင်မြဲတဲ့သံယောဇဉ်နှောင်ကြိုးနဲ့ ချည်နှောင်ထားကြတာပါ။အာရုံကြောနဲ့ ကြွက်သားဆိုင်ရာရောဂါဖြစ်တဲ့ spinal muscular atrophy ရှိနေတဲ့ ကယ်ဗန်က သူ့ဘဝကို သူ့သူငယ်ချင်းတွေဆီ ပုံအပ်ထားဖို့ ဝန်မလေးခဲ့ဘူး။ သူ့သူငယ်ချင်းတွေကလည်း သူ့အပေါ် ကောင်းပေးကြပါတယ်။

ကယ်ဗန်က spinal muscular atrophy ရောဂါကြောင့် ငယ်စဉ်ကတည်းက လမ်းမလျှောက်နိုင်ဘဲ ဝှီးချဲနဲ့ နေရခဲ့တာပါ။ တစ်နေ့မှာ ကယ်ဗန်နဲ့ သူ့သူငယ်ချင်းတွေက အတူတူကမ္ဘာပတ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ သူငယ်ချင်းတွေက ကယ်ဗန်ကို ဝှီးချဲမပါဘဲ ခေါ်သွားဖို့ လုပ်ခဲ့ကြပါတယ်။ သူတို့တွေက ကယ်ဗန်ကို အန္တရာယ်ကင်းကင်းနဲ့ သက်တောင့်သက်သာ ခေါ်သွားနိုင်ဖို့အတွက် ကျောပိုးပစ္စည်းတစ်ခုကိုလည်း တီထွင်ခဲ့ကြပါတယ်။

သူငယ်ချင်းတွေက အဲဒီပစ္စည်းနဲ့ ကယ်ဗန်ကို တစ်ယောက်တစ်လှည့်စီကျောပိုးကာ ကမ္ဘာပတ်ခဲ့ကြပါတယ်။ သူတို့တွေအတွက် ကမ္ဘာပတ်ခဲ့တဲ့နေ့ရက်တိုင်းက စိတ်ဝင်စားစရာကောင်းတဲ့အတွေ့အကြုံတွေနဲ့ပြည့်နေခဲ့ပါတယ်။ ကယ်ဗန်နဲ့သူငယ်ချင်းတစ်စုက ကျေးလက်ဒေသတစ်လျှောက် ခြေလျင်သွားတာ၊ တောင်တက်တာအပြင် အိုင်ယာလန်ကမ်းရိုးတန်းက Skelling Micheal ကျွန်းကိုလည်း သွားခဲ့ကြပါတယ်။ သူတို့ဟာ တရုတ်ပြည်က မဟာတံတိုင်းပေါ်ကိုလည်း တက်ခဲ့ကြပါသေးတယ်။

ကယ်ဗန်တို့ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့စဉ်က မသန်စွမ်းကလေးပြုစုစောင့်ရှောက်ရေးစင်တာမှာ တစ်ပတ်ကြာ နေထိုင်ခဲ့ကြပါတယ်။ အဲဒီမှာ ကယ်ဗန်က ပရဟိတအဖွဲ့အစည်းတွေနဲ့အတူ လုပ်ကိုင်တဲ့ သူ့ရဲ့ဘဝလက်တွဲဖော် ကေတီနဲ့ တွေ့ဆုံခဲ့ရပါတယ်။ သူတို့ တွေ့ဆုံခဲ့ပြီး (၂) နှစ်အကြာမှာ လက်ထပ်ခဲ့ကြပါတယ်။

ကယ်ဗန်နဲ့ သူ့သူငယ်ချင်းတွေက အခြားသူတွေကိုလည်း မသန်စွမ်းမိသားစုဝင်တွေကို ခေါ်ပြီး ခရီးထွက်လို့ရအောင် ကူညီပေးခဲ့ကြပါတယ်။ ကယ်ဗန်ကို ကမ္ဘာပတ်ဖို့ ခေါ်သွားခဲ့စဉ်က အသုံးပြုခဲ့တဲ့ကျောပိုးပစ္စည်းကို လူတော်တော်များများက မေးလာခဲ့တာကြောင့် We Carry Kevan ဆိုတဲ့နာမည်နဲ့ ရောင်းချခဲ့ကြပါတယ်။ အခုဆိုရင် ဒီပစ္စည်းကို ကမ္ဘာ့တစ်ဝှမ်းမှာ အသုံးပြုနေကြပါပြီ။

Ref: Brightside “The Extraordinary Story of Kevan and His Friends, Who Carried Him on Their Backs to Travel the World”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top