ငွေကြေးထက် လူတွေပျော်ဖို့ ဦးထိပ်ထားခဲ့တဲ့ “ဆူဒိုကု” ကစားနည်းရဲ့ဖခင်ကြီး ကွယ်လွန်

13-9-2021-yyl1.jpg

“ဆူဒိုကု”ဆိုတဲ့ကစားနည်းကို စာဖတ်ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ နံပါတ်တွေထည့်သွင်းရတဲ့ဉာဏ်စမ်းကစားနည်းတစ်ခုပါ။ နံပါတ်တွေကို အလျားလိုက်အတန်း၊ ဒေါင်လိုက်အတန်းအတွင်းက အကွက်တစ်ခုချင်းစီကို ၁ ကနေ ၉ အထိ နံပါတ်တွေကို မထပ်စေပဲ ထည့်သွင်းရပါတယ်။ ဆူဒိုကုက ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များတဲ့ကစားနည်းပါပဲ။ အဲဒီကစားနည်းကို ပြန်လည်ဖန်တီးထုတ်ဝေခဲ့သူကတော့ မာကီ ကာဂျီ (Maki Kaji) ဆိုတဲ့ ဂျပန်လူမျိုးဖြစ်ပါတယ်။ ကာဂျီက အဲဒီဉာဏ်စမ်းကစားနည်းနဲ့ပဲ လူတွေကို စိတ်အပန်းဖြေပျော်ရွှင်အောင် လုပ်ပေးခဲ့တာပါ။

ဆူဒိုကုကစားနည်းရဲ့ဖခင်ကြီးလို့ လူသိများခဲ့တဲ့ ကာဂျီက လူတိုင်း ပျော်ရွှင်စေဖို့အတွက် ဉာဏ်စမ်းကစားနည်းကို ပြန်လည်ဖန်တီးပြီး လူကြိုက်များအောင်လုပ်ခဲ့တာပါ။ ကာဂျီက “Number Place” လို့ခေါ်တဲ့ အမေရိကန်ဂဏန်းဉာဏ်စမ်းကနေ အရိပ်အမြွက်ယူပြီး ဒီဇိုင်းကို ပြန်လည်ဖန်တီးခဲ့တာပါ။ ဒါကြောင့်ပဲ ဉာဏ်စမ်းက နားလည်လွယ်ဖို့နဲ့ ကစားလို့ရဖို့အတွက် ပိုပြီး ရိုးရှင်းလာခဲ့ပါတယ်။

ကာဂျီဟာ အဲဒီဉာဏ်စမ်းကစားနည်းကို “နံပါတ်တိုင်း တစ်ခုတည်းဖြစ်ရမယ်” လို့အဓိပ္ပာယ်ရတဲ့ ဆူဒိုကု လို့ အမည်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ တက္ကသိုလ်ကျောင်းထွက် ကာဂျီက Nikoki နာမည်နဲ့ ဉာဏ်စမ်းမဂ္ဂဇင်းတွေ ထုတ်ဝေတဲ့ ထုတ်ဝေရေးကုမ္ပဏီအသေးစားကို တည်ထောင်ခဲ့တယ်။ ဆူဒိုကု ဉာဏ်စမ်းကစားနည်းကိုတော့ ၁၉၈၄ခုနှစ်က ဂျပန်နိုင်ငံမှာ မိတ်ဆက်ပေးခဲ့တာပါ။ နယူးဇီလန်က ပရိသတ်တစ်ယောက်ဟာ ကာဂျီရဲ့မဂ္ဂဇင်းကို တွေ့သွားတာကနေစပြီး ဆူဒိုကုကစားနည်းက ၂၀၀၄ခုနှစ်မှာ The Times ဗြိတိန်သတင်းစာမှာ ရိုက်နှိပ်ထုတ်ဝေတဲ့အထိ အောင်မြင်လာခဲ့ပါတယ်။

ဆူဒိုကုကို ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာက ကစားကြပြီး နိုင်ငံ့သတင်းစာ (၆၀၀) ကျော်မှာ ဒီကစားနည်းပါဝင်လာခဲ့ပါတယ်။ ဒီကစားနည်းက ဉာဏ်ထက်မြက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့အတွက် လူအများက ချီးမွှမ်းပြောဆိုလာခဲ့တယ်။ ၂၀၀၆ခုနှစ်ကစပြီး နှစ်စဉ်ကျင်းပခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ်ဉာဏ်စမ်းပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ဖို့ လူအများကို ဖိတ်ခေါ်လာနိုင်ခဲ့ပါတယ်။

ဆူဒိုကုကစားနည်းက ကမ္ဘာတစ်ဝှမ်းမှာ လူသိများပေမဲ့ ကာဂျီရဲ့ Nikoli ကုမ္ပဏီက အဲဒီကစားနည်းအတွက် ကုန်အမှတ်တံဆိပ်ကို ဘယ်တော့မှမရရှိခဲ့သလို ဂျပန်နိုင်ငံအတွင်းကလွှဲလို့ အဲဒီကနေ မူပိုင်ခလည်းမရရှိခဲ့ပါဘူး။ သူ့အတွက် ငွေရေးကြေးရေးထက် အခြားသူတွေပျော်ရွှင်ရဖို့က ပိုပြီးအရေးကြီးတယ်လို့ ကာဂျီက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။

အခုတော့ ဆူဒိုကုကစားနည်းနဲ့ လူတိုင်းကို စိတ်ပျော်ရွှင်အောင် လုပ်ပေးနေတဲ့ မာကီ ကာဂျီက လူလောကမှာ မရှိတော့ပါဘူး။ သြဂုတ်လ ၁၀ ရက်နေ့က သည်းခြေပြွန်ကင်ဆာနဲ့ တိုကျိုမြို့၊ မီတာကာရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၆၉ နှစ်ရှိပါပြီ။ သူ့ဇနီးနဲ့ သမီးလေး (၂) ယောက်ကျန်ခဲ့ပါတယ်။ အခုနှစ် ဇူလိုင်လအထိ မာကီကာဂျီက Nikoli ကုမ္ပဏီရဲ့စီးအီအိုဖြစ်ခဲ့ပါတယ်။

Ref: Says.com “The Japanese Man Who Made Sudoku A Worldwide Sensation Has Passed Away”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top