အလှဆုံးသော US ရဲ့မြို့တော်များဆီသို့

33784275_166502484200283_6668653698815623168_n.jpg

စိတ်လှုပ်ရှားစရာကောင်းတဲ့ စွန့်စားဖွယ်ရာတွေ၊ ခမ်းနားလှတဲ့ သမိုင်းကြောင်းတွေနဲ့ ထင်ရှားလွန်းလှတဲ့ သဘာဝရှုခင်းတွေကြောင့် အမေရိက (America)၊ လန်ဒန် (London)၊ ပဲရစ် (Paris)၊ ဟောင်ကောင် (Hong Kong)၊ ရောမ (Rome)၊ ရီယို (Rio)နဲ့ တိုကျို (Tokyo) မြို့တွေဟာ တစ်နေ့ထက်တစ်နေ့ ခရီးသွားရတာနှစ်ခြိုက်သူတို့ရဲ့ သဘောအတွေ့ဆုံးနေရာတွေ ဖြစ်လာပါတယ်။

ဒီမြို့တွေဟာ စွန့်စားသူတို့ရဲ့ခရီးသွားမှတ်တမ်းထဲ အသွားချင်ဆုံးနေရာတွေအဖြစ် ပါဝင်ကြသလို တစ်ခါသွားပြီးတာနဲ့ နှလုံးသားထဲ အပြည့်အဝနေရာယူထားလိုက်နိုင်တဲ့ မြို့တွေပါ။ ဒီနေ့မှာတော့ ရိုးရာလေးပရိတ်သတ်တွေအတွက် အမေရိကရဲ့အလှဆုံးသော မြို့ကြီးတွေအကြောင်းကို အသားပေးပြောပြချင်ပါတယ်။

တကယ်တော့ လူဦးရေနဲ့ မြေမျက်နှာသွင်ပြင်အနေအထား အမျိုမျိုးကွဲပြားနေတဲ့ အမေရိကရဲ့မြို့တိုင်းကို ဘာသာပေါင်းစုံပြီး အသက်ရှုမှားလောက်အောင် ဆွဲဆောင်မှုရှိတဲ့ ရိုးရာဓလေ့ပေါင်းစုံတွေနဲ့ ဖော်ရွေပျော်ရွှင်တတ်ကြတဲ့ မြိုခံတွေက ပုံဖော်နေတာပါ။

ကမ္ဘာ့တစ်ဝှမ်း လူပြောများလှတဲ့မြို့ကြီးတွေအကြောင်း၊ နှစ်လိုဖွယ်ကောင်းလှတဲ့ ဒဏ္ဍာရီလာမြို့ငယ်လေးတွေအကြောင်းနဲ့ သဘာဝတရားရဲ့ လက်တစ်ကမ်းအလိုမှာရှိတဲ့ ဒေသတွေအကြောင်းကို ဒီဆောင်းပါးလေးကနေတစ်ဆင့် လေ့လာနိုင်ပါတယ်။ ခဏလောက် ခရီးထွက်ချင်တာလား ဒါမှမဟုတ် နယ်မြေသစ်ကို ပြောင်းရွေ့နေထိုင်ချင်တာလားဆိုတဲ့ စိတ်ကူးတွေသင့်မှာ အများကြီးရှိနိုင်ပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အမေရိကကိုခြေဆန့်ဖို့ ဆန္ဒသင့်မှာရှိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အချိန်နည်းနည်းပေးပြီး ဖတ်ကြည့်လိုက်ပါ။ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

၁။ ဟိုနိုလူလူ၊ ဟာဝိုင်အီ (Honolulu, Hawaii)

အိုအဟူ (Oahu) ကျွန်းစုရဲ့တောင်ဘက်ပိုင်းမှာတည်ရှိပြီး ဟာဝိုင်အီရဲ့အကြီးဆုံးမြို့တော်၊ တစ်နည်းအားဖြင့် ဟာဝိုင်အီ ရဲ့နိဗ္ဗာန်ဘုံအဖြစ်လည်း လူသိများပါတယ်။ အခြားမြို့ကြီးတွေလိုပဲ ဟိုနိုလူလူမှာ စည်းကားလှတဲ့ စားသောက်ဆိုင်ကြီးတွေ၊ အသက်ဝင်လှတဲ့ ညချမ်းတွေနဲ့ ဈေးဝယ်ထွက်စရာ နေရာတွေ အလျံပယ်ရှိပါတယ်။ ဒါပေမယ့် ဒီအရာတွေက ဟာဝိုင်အီရဲ့ အသက်သွေးကြောလို့ဆိုရလောက်တဲ့ ထန်းပင်စုတွေ၊ ဝီကီကီ (Waikiki) ကမ်းခြေနဲ့ Diamond Head မီးတောင်သေ တည်ရှိရာနေရာတွေနဲ့တော့ နည်းနည်း အလှမ်းဝေးပါသေးတယ်။

အဆုံးမရှိတဲ့ အပျော်ခရီးနဲ့ လေ့လာရေးခရီးတွေကိုလည်း ဟိုနိုလူလူမှာ အမုန်းပြုလုပ်နိုင်ပါတယ်။ စိမ်းလန်းစိုပြည်လှတဲ့ ဝိုင်မီယာ (Waimea) ချိုင့်ဝှမ်းဆီ ခြေလျင်ခရီးထွက်မလား။ ဒါမှမဟုတ် မိုအာနာ (Manoa) ရေတံခွန်ဆီပဲ သွားပြီးအပန်းဖြေမလားဆိုတာကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

ကမ်းခြေပေါများလှတဲ့မြို့ဖြစ်တာကြောင့် လှိုင်းစီးရတာသဘောကျသူတွေနဲ့ ရေကူးရတာနှစ်သက်သူတွေ လုံးဝအကြိုက်တွေ့မယ့်မြို့ပါ။ ဟိုနိုလူလူ ကိုရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဘီရှောပ့် (Bishop) အနုပညာပြတိုက်နဲ့ ပုလဲ (Pearl) ဆိပ်ကမ်းဘေးနားက ဒုတိယကမ္ဘာစစ်ရဲ့အငွေ့အသက်တွေလွှမ်းခြုံထားတဲ့ USS အရီဇိုးနား (USS Arizona) အထိမ်းအမှတ်အဆောက်အအုံကိုလည်း မဖြစ်မနေ ဝင်ရောက်လေ့လာကြည့်စေချင်ပါတယ်။

၂။ နယူးရောခ့်၊ နယူးရောခ့် (New York, New York)

စာရေးသူကတော့ နယူးရောခ့်မြို့လောက် မြို့ပြဆန်တဲ့မြို့ မတွေ့ဖူးသေးပါဘူး။ အရောင်စုံတဲ့ ပြိုင်ဘက်ကင်းအလှတွေကြား မာန်ပါပါရွေ့လျားနေတဲ့မြို့ရဲ့အချိန်နာရီကစလို့၊ ရှေးရာစုနှစ်တွေရဲ့ ဖက်ရှင်အငွေ့အသက်တွေနဲ့ ခေတ်သစ် ဒီဇိုင်းသစ်အဆောက်အဦတွေအဆုံး အမျိုးစုံ၊ အမြင်စုံ၊ ခံစားမှုအစုံပေးနိုင်တဲ့ မြို့တစ်မြို့ပါ။ တံတားတွေနဲ့ မိုးကုတ်စက်ဝိုင်းကို နောက်ခံထားလို့ နေဝင်ချိန် ရေပြင်မှာတံလျပ်ထင်နေတဲ့ နယူးယောခ့်မြို့အလှမြင်ကွင်းက ဘာနဲ့မှ အစားထိုးမရနိင်ပါဘူး။ အားလုံးထက်ကို ပိုပါတယ်။

၃။ ဝါရှင်တန် ဒီစီ (Washington, D.C)

အမေရိကရဲ့မြို့တော်ဖြစ်တဲ့အလျောက် ဝါရှင်တန် ဒီစီဟာ သင်မဖြစ်မနေ သွားလည်ရမယ့် မြို့ထဲမှာပါဝင်ပါတယ်။ သမိုင်းကြောင်းတွေကို စိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်လို့ သွားလည်လိုက်ဦးမယ်ဆိုတာကို ခဏဖယ်ထားပြီး ဝါရှင်တန် ဒီစီမှာ အခြားသော စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာတွေနဲ့ ကမ္ဘာပေါ်က ခရီးသွားသူတွေကြား ဘာလို့ အဖော်ရွေဆုံးမြို့ဖြစ်နေရတယ်ဆိုတာကို အရင်ဆုံးတစ်ချက်လောက် လေ့လာကြည့်လိုက်ပါဦး။ အထိမ်းအမှတ်အဆောက်အဦတွေနဲ့ ပညာရေးပြတိုက်တွေက တစ်မြို့လုံးကို နေရာယူထားပြီး မျက်စိတစ်ဆုံးမမြင်နိုင်တဲ့ အနုပညာအဆောက်အဦတွေနဲ့ နိုင်ငံရေးအခမ်းအနားကျင်းပရာနေရာတွေက မြို့ရဲ့ပြယုဂ်ပဲဖြစ်ပါတယ်။

ရိုးရာယဉ်ကျေးမှုနဲ့ နိုင်ငံရေးအတွေ့အကြုံတွေကို လေ့လာရတာငြီးငွေ့နေပြီးဆိုရင်တော့ ဝါရှင်တန် ဒီစီရဲ့ အိမ်နီးချင်းမြို့ငယ်လေးတွေဖြစ်တဲ့ ဂျော့ရစ် (Georgetown)၊ အဒမ် မော်ဂန် (Adams Morgan) နဲ့ ဒူပေါထ့် စိုင်ကယ်လ် (Dupont Circle) မြို့တွေကို အပျင်းပြေ သွားရောက် လည်ပတ်နိုင်ပါတယ်။

၄။ ဆန်အန်တိုနီယို၊ တက်ဆက် (San Antonio, Texas)

တက်ဆက်ရဲ့ဒုတိယမြောက်အကြီးဆုံးမြို့ဖြစ်တဲ့ ဆန်အန်တိုနီယိုဟာ မက္ကာ (Mecca) ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေ ရောစပ်နေတဲ့မြို့ဖြစ်ပါတယ်။ ၁၇၁၈ ခုနှစ်မှာ စပိန်တွေရဲ့လက်အောက်ရောက်ရှိခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။ အဓိကအားဖြင့် နယ်စပ်ဒေသအချို့နဲ့ စပိန်ကိုလိုနီခေတ် သမိုင်းကြောင်းတွေအပြင်UNESCO World Heritage Site စာရင်းဝင် အယ်လ်မွန် (Almon) ခံတပ်ကြောင့် ထင်ရှားကျော်ကြားတယ်လို့ ဆိုရပါမယ်။

မြို့ရဲ့မြစ်ကမ်းတစ်လျှောက် လေညှင်းခံလမ်းလျှောက်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်တော့ နောက်ဆုံးပေါ်အဝတ်အစား၊ ဦးထုပ်နဲ့ အလှကုန်တွေရောင်းတဲ့ဆိုင်လေးထဲ ခဏလောက်ဝင်ပြီး အဆာပြေမုန့်တစ်ခုလောက် ဝင်စားကြည့်ပါ။ ပြီးရင်တော့ ဆန်အန်တိုနီယို မြစ်ဘေးက အော်ပရာနဲ့ ရေပေါ်ဂီတသံစဉ်ဖျော်ဖြေရေးပွဲစဉ်တွေကို တဝကြီးနားဆင်ခံစားပြီး သေချာပေါက် အဲဒီအခိုက်အတန့်တွေကို နှလုံးသားထဲဖမ်းဆုပ်ခဲ့ပါ။

၅။ လော့စ်အိန်ဂျယ်၊ ကယ်လီဖိုးနီးယား (Los Angeles, California)

ဘာလိုလိုနဲ့ ကျွန်တော်တို့ရဲ့ အမေရိကခရီးစဉ်က အမြဲတမ်းနေသာနေတတ်တဲ့ စွဲမက်စရာ လော့စ်အိန်ဂျယ်မြို့လေးကိုတောင် ရောက်ရှိလာပြီနော်။ ဧရိယာကျယ်ဝန်းလှတဲ့ LA မှာ မတူညီကွဲပြားလှတဲ့ ရာသီဥတု၊ ဓလေ့ထုံးတမ်း၊ ရှုခင်းနဲ့ အခြားသော စိတ်ဝင်စားစရာတွေအများကြီးရှိပါတယ်။ တောင်ထိပ်ပေါ်တက်ပြီး မြို့ရှုခင်းအလှကိုကြည့်မလား။ ပန်းချီး၊ ပန်းပု စတဲ့အနုပညာလက်ရာတွေနဲ့ ဆန်းသစ်တီထွင်ထားတဲ့ ဗိသုကာလက်ရာတွေကိုပဲ လေ့လာမလား။ သားရေသားနဲ့ ရောခ့်စတိုင်အင်္ကျီတွေပဲ ပတ်ဝယ်မလား။ ခေတ်နောက်ပြန်ဆွဲတဲ့ အငွေ့အသက်ရေးရေးလေးလွှမ်းခြုံထားတဲ့ စားသောက်ဆိုင်တွေမှာပဲထိုင်ပြီး LA ရဲ့အလှကို ရှုစားမလားဆိုတဲ့ရွေးချယ်စရာတွေအတွက်တော့ နည်းနည်းခေါင်းစားရပါလိမ့်မယ်။

အရှေ့အရပ်က နယ်စပ်ဒေသတွေဆီ ခြေဆန့်ကြည့်ဖို့လည်းမမေ့ပါနဲ့။ ပင်လယ်ပြင်ကြီးနဲ့ ထိတွေ့ချင်တယ်။ ကမ်းခြေအရသာကို ခံစားချင်တယ်။ ဈေးအကြီးဆုံး၊ အရည်အသွေးအကောင်းဆုံး ပစ္စည်းတွေအတွက်တော့ LA ရဲ့ အနောက်ဘက်အရပ်တွေဆီ ခရီးထွက်ပါ။ စာဖတ်ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Hollywood မှာလည်း စိတ်ဝင်စားစရာတွေအများကြီးမို့ ဝင်ပြီးအမှတ်တရကောင်းတွေ ဖန်တီးခဲ့လိုက်ပါဦးနော်။

 

Ref : mydomaine “The most beautiful cities in the U.S will take your breathe away”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top