အရှက်ရစရာဖြစ်ရပ်ကြောင့် ပေါင် ၃၅၀ ဝိတ်ချနိုင်ခဲ့သူ

9-5-2022-yyl-25.jpg

ဂျက်ကွာလင်းက ပေါင်ချိန်စက်တွေနဲ့ ဝေးဝေးနေသူပါ။ ” သူ့လက်သုံးစကားက ပေါင်ချိန် မသိ၊ ပြဿနာမရှိ”တဲ့။ ပေါင်ချိန်ကြည့်လို့ ကိုယ်အလေးချိန် အရမ်းများနေမှန်း သိသွားရင် စိတ်ဆင်းရဲရမယ်။ အဲဒီတော့ ပေါင်မချိန်ဘူးလို့ ဂျက်ကွာလင်းက တွေးခဲ့တာပါ။ ၄ နှစ်လုံးလုံး ပေါင်မချိန်ခဲ့ဘူး။

ဒါပေမဲ့ တစ်ရက်တော့ ဒစ္စနေးလန်းကို အလည်သွားရင်း သူ အရှက်တကွဲ ဖြစ်ပါလေရော။ ဝင်ပေါက်ဂိတ်တံခါးမှာ သူ ညပ်မိနေတာပါ။ turnstile တုတ်တံတွေကြားကနေ မနည်းပြန်ထွက်ရတယ်။ စစချင်းမှာ ဒီဖြစ်ရပ်ကို သူငယ်ချင်းတွေနဲ့အတူ ရယ်ရယ်မောမော လုပ်ခဲ့ပေမဲ့ သူ အရမ်းရှက်သွားတယ်။ ဒါကြောင့် သန့်စင်ခန်းထဲ သွားငိုတယ်။

သူငယ်ချင်းတွေက အပျော်စီးယာဉ်တွေ စီးနေချိန်မှာ သူကတော့ ဘီးတပ်ကုလားထိုင်နဲ့သွားရင်း ငေးမောကြည့်နေရုံပဲ။ အပျော်စီးယာဉ်တွေက သူ့ကိုယ်နဲ့ မဆံ့ဘူး။ အဲဒီနောက်မှာ သူ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဝိတ်ချိန်ကြည့်မယ် ဆိုပြီးတော့ပေါ့။ နောက်နေ့မှာ ဝိတ်ချိန်ကြည့်လိုက်တော့ သူ မူးမေ့သွားမလိုတောင် ဖြစ်တယ်။ သူ့ခန္ဓာကိုယ်အလေးချိန်က ပေါင် ၅၁၀ တဲ့။

အဲဒီကစပြီး သူ ဝိတ်ချဖို့ ကြိုးပမ်းခဲ့တာပါ။ အစားအသောက် ရှောင်တယ်။ လေ့ကျင့်ခန်း ဖိဖိစီးစီး လုပ်တယ်။ ပုံမှန်ဝိတ်ချိန်တယ်။ အဲဒီလို ကြိုးပမ်းခဲ့တာ ၄ နှစ်ခွဲအကြာမှာတော့ သူက ပေါင် ၁၆၀ ပဲ ရှိတော့တယ်။ သူ တစ်သက်လုံး မဝတ်ရတော့ဘူးထင်ခဲ့တဲ့ ရေကူးဝတ်စုံနဲ့ ကမ်းခြေသွားခွင့် ရခဲ့တယ်။ သူက ပေါင် ၃၅၀ လျှော့ချနိုင်ခဲ့တာပါ။

ပေါင် ၃၅၀ တောင် လျှော့ချပစ်ခဲ့လို့ ပေါင် ၃၀ လောက်လေးတဲ့ အရေပြားတွဲကြီး ဖြစ်ကျန်ခဲ့လို့ ခွဲစိတ်မှု ၄ ကြိမ်တော့ လုပ်ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂျက်ကွာလင်းက သူ့အိပ်မက်ကို လက်မလျှော့ခဲ့လို့ အဝလွန်တဲ့ အခြေအနေကို ကျော်လွှားနိုင်ခဲ့တာပါ။ ‘ဂျက်ကွာလင်းကတော့ ‘ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ ကြိုးစားအားထုတ်ပါ။ သင်အောင်မြင်ပါလိမ့်မယ်”တဲ့။

Ref: Woman drops 350 pounds and encourages others to ‘never give up’

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top