မရှုံးဖူးတဲ့လူ

Failure-Man-Arrow-Bullseye-Miss.jpg

တစ်နံနက်ခင်းမှာ ကျွန်တော်နဲ့ ငယ်သူငယ်ချင်းကျောင်းဆရာလေးတို့ ဆုံနေကြလက်ဖက်ရည်ဆိုင်မှာ ဆုံဖြစ်ကြပါတယ်။ ကျောင်းပိတ်တဲ့ ဥပုသ်နေ့ဖြစ်တာကြောင့် အချိန်လည်းရတာနဲ့ပဲ

ဘဝနဲ့ပတ်သက်တဲ့အကြောင်းတွေ ပြောဖြစ်ကြပါတယ်။ သူက ‘အရင်းမရှိရင် အရှုံးမရှိဘူး’ ဆိုတဲ့ အရပ်စကားကို အခြေခံပြီး အတွေးတစ်စ ဆွဲထုတ် ပြောပြပါတယ်။

လောကမှာ ထိပ်ဆုံးကိုရောက်နေတဲ့သူတွေဟာ အရှုံးသမားတွေဖြစ်တယ်ဆိုတာကို အရင် စပြောရပါလိမ့်မယ်။ ဘာလို့ရှုံးခဲ့တာလည်းဆိုတော့ အောင်မြင်ဖို့ ရှုံးခဲ့ကြတာဖြစ်တယ်။ အရင်းမရှိတဲ့သူဟာ အမြတ်မရှိသလို အရှုံးလည်း မရှိဘူး။ ဘာမှလည်း မတိုးတက်၊ ဘာမှလည်းမဖြစ်လာဘူးပေါ့။ ဒါကြောင့် အိုင်းစတိုင်း က “ဘယ်တော့မှ မရှုံးဖူးတဲ့သူ တွေဟာ ဘာမှမလုပ်ဖူးတဲ့သူတွေ ဖြစ်တယ်” လို့ပြောခဲ့တာဖြစ်ပါလိမ့်မယ်။ ဒီကနေ့ ကျွန်တော်တို့ ဆုံးရှုံးရခြင်းတွေအတွက် ဘာမှ ပူဆွေးနေဖို့မလိုပါဘူး၊ သင်ခန်းစာယူပြီး လဲကျရာကပြန်ထဖို့ အားတွေဖြစ်တယ်ဆိုတာ သိနေဖို့ပဲလိုပါတယ်။ ကျဆုံးခြင်းဆိုတာ ပိုကောင်းတဲ့ အောင်မြင်ခြင်းအတွက် အရင်းအနှီးတစ်ခုသာ ဖြစ်ပါတယ်။

ကြိုးစားလုပ်ကိုင်တဲ့သူတိုင်း မတော်တဆ လဲကျတတ်ပါတယ်။ ကျွန်တော်တို့ ကလေးဘဝ လမ်းစလျှောက်ခဲ့ချိန်က အကြိမ်ကြိမ်လဲကျခဲ့ပြီးဖြစ်တယ်။ ဒါပေမဲ့ ကြိုးစားပြီး လျှောက်လှမ်းခဲ့လို့ ဒီကနေ့ ကမ္ဘာကျော်အပြေးသမားတွေတောင် ပေါ်ထွန်းခဲ့ကြပါပြီ။ ဒီနေရာမှာ ပြောဖို့တစ်ခုကတော့ ပျင်းခြင်း၊ အချောင်ခိုတဲ့စိတ်ရှိခြင်း ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ အားနည်းတဲ့လူတွေနဲ့ ဆင်ခြေတွေပေးပြီး မိမိရဲ့ အချောင်ခိုစိတ်နဲ့ ပျင်းတဲ့စိတ်ကို ကာကွယ်တတ်တဲ့သူတွေအတွက်တော့ သူတို့ဘဝမှာ အရှုံးဆိုတာ မရှိသလောက်နည်းပါလိမ့်မယ်။ ဘာမှလည်း ကိုယ်စွမ်း၊ ဥာဏ်စွမ်း လုံ့လစိုက်ထုတ်တတ်သူမျိုး မဟုတ်သလို ဘယ်လိုနေရာမှလည်း မပါတဲ့သူတွေပါ။ ဒီလိုအရှုံးမရှိတဲ့လူတွေ များလာတဲ့တစ်နေ့ လောကကြီး တကယ်ဆုံးရှုံးရတဲ့နေဖြစ်ပါလိမ့်မယ်။

မိမိတစ်ကိုယ်ကောင်းကျိုးမှသည် မိသားစု၊ အစုအဖွဲ့၊ နိုင်ငံနဲ့ ကမ္ဘာကြီးရဲ့ ကောင်းကျိုးကို ဆောင်ရွက်ခဲ့ကြသူများ၊ တိုင်းပြည်တည်ဆောက်ခဲ့ကြတဲ့သူတွေမှာ အရှုံးတွေ အများကြီးရှိခဲ့ကြပါတယ်။ ဒါကို သင်ခန်းစာယူ အမှန်ကို ကောင်းအောင်ပြင်ဆင်ပြီး ရှေ့ဆက်ခဲ့ကြသူတွေဖြစ်လို့ ထိပ်ဆုံးကို ရောက်ခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် မရှုံးဖူးတဲ့လူဆိုတာ ဘာမှမလုပ်ဖူးတဲ့ လူဖြစ်တယ်လို့ အိုင်းစတိုင်းကပြောခဲ့ဟန်တူပါတယ်။ အရင်းမရှိရင် မရှုံးဘူးဆိုတဲ့ အရပ်ထဲကစကားဟာ လူပျင်းတွေ မိမိကိုယ်မိမိကာကွယ်ဖို့ တီထွင်တာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒါကြောင့် ဒီကနေ့ ကျွန်တော်တို့ ဘယ်လိုဘဲ ကျရှုံးနေပါစေ၊ လဲကျနေပါစေ၊ ပြန်ထပြီး တစ်နေ့အောင်မြင်ရမယ်ဆိုတဲ့ ဇွဲနဲ့ ဘဝရှေ့ခရီးကို ချီတက်ခဲ့မယ်ဆိုရင်တော့ တစ်နေ့ တစ်ချိန်မှာ လိုချင်တဲ့ပန်းတိုင်ထိပ်ဆုံးကို ရောက်မှာဖြစ်တယ်။ အရှုံးကိုရင်မဆိုင်ရဲတဲ့သူအတွက် အကျိုးဆိုတာကလည်း ဘယ်တော့မှရမှာမဟုတ်ဘူးဆိုတဲ့ အတွေးတစ်ခုကို သူငယ်ချင်းဖြစ်သူနဲ့ ဆက်ဆွေးနွေးဖြစ်ပါတယ်။ သူငယ်ချင်းကလည်း ကျွန်တော်ပြောပြတာကို သဘောကျပြီး ဆယ်တန်းကို (၅) နှစ်ဆက်တိုက်ဖြေပြီးမှ အောင်မြင်သွားတဲ့ သူတပည့်တစ်ယောက်အကြောင်းကို ဆက်ပြီးပြောပြခဲ့ပါတယ်။

လေပြေမောင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top