မန်ယူနဲ့ပွဲအပြီးမှာ VAR စနစ် ပျက်နေတာလားလို့ ခရစ္စတယ်ပဲလေ့စ်အသင်း ပိုင်ရှင် မေးခွန်းထုတ်

17-7-2020-yyl-009.jpg

မန်ယူကို ဝ-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ခရစ္စတယ်ပဲလေ့စ်အသင်းပိုင်ရှင် စတိဗ်ပါရစ်က VAR စနစ် ပျက်နေတာလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ မန်ယူအတွက် ရက်ရှ်ဖို့ဒ်က အဖွင့်ဂိုးမသွင်းခင် မိနစ်ပိုင်းအလိုမှာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ပင်နယ်တီတောင်းဆိုမှုကို ကွင်းလယ်ဒိုင် စတော့ခ်လေပါ့ခ်က ပယ်ချခဲ့သလို VAR စနစ်လည်း ပြန်မကြည့်ခဲ့ပါဘူး။ ပင်နယ်တီဧရိယာထဲမှာ ဇာဟာရဲ့ခြေထောက်ကို လင်ဒီအော့ဖ်က ကန်မိခဲ့ပြီး ဆွဲလှဲသလိုဖြစ်ခဲ့ပေမဲ့ စတော့ခ်လေပါ့ခ်က ပွဲမရပ်ခဲ့ပါဘူး။ ” VAR စနစ်က ပျက်နေတာလား။ အတည်မေးတာပါ။ ဆာခိုလက်ထိသလားဆိုတာကို သိရဖို့ မိနစ်ပိုင်းကြာအောင် အချိန်ယူဆုံးဖြတ်ခဲ့ပေမဲ့ ဒီဖြစ်ရပ်(ဇာဟာ လဲကျမှု)ကျတော့ တစ်ချက်ကလေးတောင် မကြည့်ဘူး။ တစ်ဖက်သတ်အမြင်ရှိတဲ့ မန်ယူပရိသတ်အများစုတောင် ဒီဖြစ်ရပ်က ပင်နယ်တီပေးရမယ်ဆိုတာ သိကြပါတယ်”လို့ စတိဗ်ပါရစ်က ပြောပါတယ်။

ဗီလာကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဆာခိုသွင်းယူတဲ့ဂိုးကို VAR ပြန်ကြည့်ချိန်မှာ လက်ထိတယ်ဆိုပြီး ဂိုးမပေးခဲ့ပါဘူး။ BT Sport မှာ အားကစားပညာရှင်အဖြစ် ဆောင်ရွက်နေတဲ့ မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်နဲ့ ကွင်းလယ်ဒိုင်ဟောင်း ပီတာဝယ်တန်တို့ကလည်း ဇာဟာကို လင်ဒီအော့ဖ်ရဲ့ဖျက်ထုတ်မှုက ပင်နယ်တီပေးသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။ အခုပွဲမှာ ဂျော်ဒန်အယူး သွင်းယူခဲ့တဲ့ဂိုးကိုလည်း VAR ပြန်ကြည့်ချိန်မှာ လူကျွံတယ်လို့ သတ်မှတ်ပြီး ခရစ္စတယ်ပဲလေ့စ်ကို ဂိုးမပေးခဲ့ပါဘူး။ ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်ကတော့ VAR ကြောင့် ဒီပွဲရလဒ် ပြောင်းလဲသွားခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top