အဲလစ်ဇဘက် (၂) ဘုရင်မကြီး ကွယ်လွန်တဲ့သတင်း ကြေညာရာမှာ သုံးခဲ့တဲ့ ဓာတ်ပုံအကြောင်း

9-9-2022yyl03.jpg

နန်းသက်အရှည်ဆုံး အဲလစ်ဇဘက် (၂) ဘုရင်မကြီး ကွယ်လွန်တဲ့သတင်းကို Buckingham Palace က ဘုရင်မကြီးရဲ့ရင်သပ်ရှုမောဖွယ်ဓာတ်ပုံနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ အဲဒါက လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်က ဓာတ်ပုံပါ။ ဘုရင်မကြီးရဲ့ အသက် (၈၀) ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလက Buckingham Palace မှာ ရိုက်ခဲ့တာပါ။ ဓာတ်ပုံဆရာမ ဂျိန်း ဘရုန်း အသက် (၈၁) နှစ်အရွယ်မှာ ဘုရင်မကြီးကို အဖြူအမဲကာလာနဲ့ ရိုက်ပေးခဲ့တာပါ။ ဒီဓာတ်ပုံက ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဂျိန်း ဘရုန်းရဲ့ Exposures စာအုပ်မှာလည်း ပါဝင်ခဲ့ပါတယ်။

Royal Collection Trust (RCT) ပြတိုက်မှာ ဒီဓာတ်ပုံကို ” အသက် ၈၀ ပြည့်မွေးနေ့အစမှာအဲလစ်ဇဘက် (၂) ဘုရင်မကြီးက ဂျိန်း ဘရုန်းကို ဓာတ်ပုံရိုက်စေခဲ့တယ်။ ၁၉၄၀ ပြည့်နှစ်နှောင်းပိုင်းကတည်းက ဘရုန်းဟာ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာမအဖြစ် လုပ်ကိုင်ခဲ့တယ်”လို့ စာရေးသားထားပါတယ်။

၂၀၁၂ ခုနှစ်က ဘုရင်မကြီးရဲ့နန်းသက် နှစ် (၆၀) ပြည့်စိန်ရတုနှစ်ပတ်လည်ကို ဂုဏ်ပြုတဲ့ Royal Collection Trust ရဲ့ The Queen: 60 Photographs for 60 Years ဓာတ်ပုံပြပွဲမှာလည်း ဒီဓာတ်ပုံ ပါဝင်ခဲ့ပါတယ်။ ၁၈၉၇ ခုနှစ်က စိန်ရတုအခမ်းအနားဆင်နွှဲခဲ့တဲ့ ဝိတိုရိယ ဘုရင်မကြီးပြီးရင် အဲလစ်ဇဘက် (၂) ဘုရင်မကြီးက စိန်ရတုနှစ်ပတ်လည်ကို ဆင်နွှဲနိုင်ခဲ့တဲ့ ဒုတိယမြောက် ဗြိတိန်ဘုရင်မကြီးပါပဲ။

Royal Collection Trust က ဘုရင်မကြီးရဲ့ဓာတ်ပုံကို အရောင်နဲ့မဟုတ်ဘဲ အဖြူအမဲကာလနဲ့ ဓာတ်ပုံကောင်းတစ်ပုံထွက်အောင် ဖန်တီးပေးခဲ့တဲ့အတွက် ဓာတ်ပုံဆရာမ ဂျိန်းကို အသိအမှတ်ပြုခဲ့ပါတယ်။ ဂျိန်းကတော့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၊ အသက် ၈၉ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

အဲလစ်ဇဘက်ဘုရင်မကြီးက ခင်ပွန်းဖြစ်သူ ဖိလစ်မင်းသားကြီး ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ၁၈ လအကြာ စက်တင်ဘာ ၈ ရက်နေ့မွန်လွဲပိုင်းမှာ ကွယ်လွန်ခဲ့တာပါ။ သူ နန်းရွာစံချိန်မှာ အသက် (၉၆) နှစ်ရှိပါပြီ။ သားအကြီးဆုံး ချားစ်မင်းသားက အခမ်းအနားမကျင်းပဘဲ ချက်ချင်း ထီးနန်းဆက်ခံလိုက်ရပါတယ်။

Ref: People “The Sweet Story Behind the Photo of Queen Elizabeth Used to Announce Her Death”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top