CV တင်ထားပေမယ့် ဘာဖြစ်လို့ အလုပ်ရှင်တွေ ပြန်မဆက်သွယ်တာလဲ

41263767_2218711755013985_2908272907610226688_n.jpg

“စိတ်ဝင်စားပါက ဒီအီးမေးလ်ကနေဆက်သွယ်ပါ/လူကိုယ်တိုင်လာရောက်လျှောက်ထားပါ” ဆိုလို့လည်းCV form တင်ရသေးတယ်။ ဖုန်းနဲ့လည်း ပြန်မဆက်သွယ်ဘူး။ အီးမေးလ်ကနေလည်း

စာမရောက်လာဘူး။ မျှော်သာ မျှော် ပေါ်မလာတဲ့ အီးမေးလ်တွေ၊ တယ်လီဖုန်းသံတွေရဲ့ နောက်ကွယ်မှာ ဘယ်လို အကြောင်းအရာတွေများ ရှိနေမှာပါလိမ့်။

(၁) သင် CV ကို ကောင်းကောင်းမပြင်ဆင်ထားလို့

မပြင်ဆင်ထားဘူးဆိုတဲ့ နေရာမှာ တွေ့သမျှ အလုပ်ကို CV တစ်စောင်တည်းနဲ့ပဲ အကုန်လိုက်တင်နေတာမျိုးက အစ၊ ဓာတ်ပုံနေရာမှာ လိုင်စင်ပုံ မထည့်ပဲ ဆယ်ဖီးလ်ပုံကြီး ထည့်ထားတာအဆုံး ပါဝင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် မိမိ CV ကို လျှောက်မယ့် အလုပ်တစ်ခုချင်းစီအတွက် လိုက်လျောညီထွေရှိအောင် ပြင်ဆင်ထားသင့်ပါတယ်။ အလုပ်ခန့်တယ်ဆိုတာ သင့်ဘက်ကလုပ်ပေးနိုင်တဲ့အရည်အချင်းကို အလုပ်ရှင်က ပိုက်ဆံပေးပြီးဝယ်တာပါ။ သူ လုပ်ငန်းနဲ့ကိုယ်နဲ့သင့်တော်တယ်ဆိုတာ CV မှာမြင်သာပါစေ။

(၂) အလုပ်ခေါ်စာ မှာ ပြောထားတဲ့ ညွှန်ကြားချက်ကို သင်မလိုက်နာဘူး

CV ရော Cover letter ရောတင်ပါလို့ ပြောတယ်။ သင်CV တစ်စောင်ပဲပို့လိုက်တယ်။ ဒီစာရွက်စာတမ်း အပြည့်အစုံပါအောင်ထည့်ပြီးလျှောက်ပါလို့ပြောတာကို အပြည့်အစုံမပါတာမျိုး၊ ဒါမှမဟုတ် တောင်းထားတဲ့စာရွက်စာတမ်းကိုပဲပေးပါ တခြား ထင်ရာမြင်ရာတွေလျှောက်ထည့်မပို့ပါနဲ့လို့အတိအလင်းကြော်ငြာထားလျက်နဲ့လိုတာတွေရော မလိုတာတွေရော ထည့်ပို့တာဟာ အလုပ်ရှင်(သို့) HR ကို စိတ်ရှုပ်စေပြီး ကိုယ့် CV ကိုမြင်တာနဲ့ပယ်ဖို့များပါတယ်။

(၃) သင့် ဆိုရှယ်မီဒီယာပရိုဖိုင်းကို သဘောမကျလို့

အခုခေတ်လို သူသူကိုယ်ကိုယ် ဖေ့ဘုတ်သုံးနေတဲ့ခေတ်မှာ ကိုယ့်အလုပ်ရှင်ကလည်း ကိုယ့်ပရိုဖိုင်းကိုဝင်ကြည့်မှာ မလွဲဧကန် ပါပဲ။ ဘယ်သူမှတော့ ကိုယ့်နဲ့တွဲလုပ်မယ့်သူက ရှိရှိသမျှ ဖေ့ဘုတ်ရန်ပွဲတွေမှာ ပါ/ စဆရက လုပ်နေတာ၊ ဒါမှမဟုတ် သတင်းအတုလားအစစ်လားမသိ စွတ်ရှဲတဲ့သူ၊ အမုန်းစကားအပြောများတဲ့သူ၊ မဟုတ်ကဟုတ်ကတွေ တင်တင်ထားတတ်တဲ့သူနဲ့တော့ အလုပ်တွဲလုပ်ချင်မှာမဟုတ်ပါဘူး။ ကိုယ့်ဖေ့ဘုတ်နာမည်ကပါ “အသည်းခွဲတတ်တဲ့ ကောင်လေးတို့” တို့ ”Sleeping Cutie Pinky Girl” တို့ဆိုရင်တော့ ရွှေပြည်တော်မျှော်တိုင်းဝေးနေပါလိမ့်ဦးမယ်။

(၄) သူတို့အဲဒီအလုပ်နေရာအတွက် လူရသွားပါပြီ

ကိုယ့် CV ကို ဖွင့်ကြည့်တဲ့ အဆင့်မရောက်ခင်မှာပဲ သူတို့လိုချင်တဲ့ သူရသွားတာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ရုံးတွင်းကသူကိုပဲ ပြန်ခန့်အပ်ဖို့ အစီအစဉ်ရှိပေမယ့် တချို့ကုမ္ပဏီတွေရဲ့ ပေါ်လစီအရ public မှာ ကြောငြာတင်ရတဲ့အတွက်ကြောင့် သူတို့အလုပ်ခေါ်စာကို ကိုယ်မြင်ရပေမယ့်လည်း သူတို့စိတ်ထဲ ခန့်မယ်လို့လျာထားတဲ့သူ ရှိပြီးသားကြောင့်ပါ။ တစ်ခါတလေမှာတော့ သူတို့ခေါ်ထားတဲ့ အလုပ်ကြော်ငြာက ကြာနေပြီး လူလည်းရသွားပြီးသားဖြစ်ပေမဲ့ ဖေ့စ်ဘွတ်ခ် ဒါမှမဟုတ် ဝက်ဒ်ဆိုဒ်မှာ ပြန်မဖြုတ်ရသေးတာကို ကိုယ်ကမသိပဲ လျှောက်လိုက်မိလို့ပါ။

(၅) သင်အရည်အချင်းက သူတို့လိုချင်တာ နဲ့မမှီသေးလို့/မဟုတ်လို့

ဒါဟာလက်မခံချင်လည်း လက်ခံရမယ့် ဆေးခါးတစ်ခွက်လိုပါပဲ။ သူတို့လိုချင်တာ လုပ်သက်၂ နှစ်နဲ့အထက် ရှိတဲ့ marketing assistant ၊ ကိုယ်က အခုမှ ဘွဲ့ ရကာစလူငယ်လေးဆိုရင် သူတို့က စဉ်းစားမှာ မဟုတ်ပါဘူး။ လူဆိုတာက အကောင်းဆုံးဆိုတာကိုပဲ လိုချင်တဲ့အတွက် ကိုယ့်ထက်တော်တဲ့ တတ်တဲ့သူပါခဲ့ရင် သူ့ကိုပဲ အလုပ်ရှင်က ရွေးသွားပါလိမ့်မယ်။ စိတ်မပျက်ပါနဲ့။ လူတိုင်း ဒီအခြေအနေကိုဖြတ်သန်းဖူးပါတယ်။ မိမိကိုယ်ကို ယုံကြည်ပါ။ တစ်နေ့သင့်အလှည့်ရောက်မှာပါ။

အလုပ်ရှာနေတဲ့ ရိုးရာလေးရဲ့ပရိသတ်အကုန်လုံး မိမိကြားချင်တဲ့ သတင်းကောင်း အမြန်ကြားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Ref: “the top reasons an employer didn’t call you back”

Elsa (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top