သမိုင်းတလျှောက် လူ့အသက်အများဆုံး ကယ်တင်ပေးနိုင်တဲ့ ဆေးပညာရှင်လို့ ပြောလိုက်ရင် ပင်နီဆီလင်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ စကော့တလန်နိုင်ငံသား အဏုဇီဝဗေဒပညာရှင် အလက်ဇန္ဒားဖလန်းမင်း ( Alexander Fleming )လို့ လူအများစုက ထင်ကြပါလိမ့်မယ်။
အားလပ်ရက် အပန်းဖြေခရီးက ပြန်လာချိန်မှာ ဘက်တီးရီးယား မွေးမြူထားတဲ့ ပန်းကန်ပြားထဲ မှိုစွဲနေပြီး အဲဒီဘေးပတ်လည်မှာ ဘက်တီးရီးယားတွေ ရှိမနေတာကို သတိပြုမိသွားရာကနေ ဖလန်းမင်းက ပင်နီဆီလင်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ သူက ပင်နီဆီလင်ကို ဆေးဝါးအဖြစ် အသုံးပြုနိုင်တဲ့အထိ သန့်စင်အောင် လုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။
ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးနောက်မှာတော့ ဩစတြေးလျနိုင်ငံသား ဆေးဝါးဗေဒပညာရှင် ပါမောက္ခ ဟောင်းဝပ်ဖလော်ရီ (Prof Howard Florey) နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပင်နီဆီလင်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ ဒီပဋိဇီဝဆေး (Antibiotic) ကြောင့် လူဦးရေ သန်း ၂၀၀ ကျော်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ မှတ်တမ်းတွေအရ ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ ဖလန်းမင်းနဲ့ ဖလော်ရီတို့ရဲ့ အသက်ကယ်တင်နိုင်မှုဟာ သြစတြီးယား – အမေရိကန်လူမျိုး ဇီဝဗေဒပညာရှင် ပါမောက္ခ ကားလ်လန်းစတိုင်နာ (Professor Karl Landsteiner) ရဲ့ ရှာဖွေတွေ့ရှိမှုနဲ့ ယှဉ်လိုက်ရင် အများကြီး နည်းပါတယ်။ သူဟာ ၂၀ ရာစုအစောပိုင်းမှာ ခေတ်ပြောင်း အယူအဆတစ်ခုကို တွေ့ရှိခဲ့တာပါ။ ပထမကမ္ဘာစစ် မတိုင်ခင် သွေးထွက်လွန် ဒဏ်ရာတွေနဲ့ ရောဂါတွေဟာ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဆရာဝန်တွေက သွေးသွင်းကုသဖို့ ကြိုးစားခဲ့ကြပေမဲ့ လူနာတော်တော်များများဟာ အလှူရှင်ရဲ့ သွေးနဲ့ မတည့်ဘဲ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။
၁၉၀၁ ခုနှစ်မှာတော့ လန်းစတိုင်နာက အဲဒီအဖြေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် သွေး သဘာဝလက္ခဏာတွေ မတူဘူးဆိုတာကို (အခုတော့ သွေးအုပ်စုလို့ ခေါ်ပါတယ်) သူ တွေ့ရှိခဲ့ပြီး သွေးချင်းမတည့်ဘဲ သေဆုံးရတာကို နားလည်သွားခဲ့တာပါ။ ဒါဟာ အောင်မြင်တဲ့ သွေးသွင်းကုသမှုတွေ ဖြစ်လာမယ့် လမ်းစပါပဲ။ ဒါပေမဲ့ အဲဒီနည်းလမ်း အလုပ်ဖြစ်လာဖို့ ၁၉၁၄ ခုနှစ်အထိ စောင့်ခဲ့ရပါတယ်။
၁၉၁၄ ခုနှစ်မှာ ဘယ်လ်ဂျီယံနိုင်ငံသား ဆရာဝန် အဲလ်ဘတ်ဟတ်စတင် ( Albert Hustin ) က သွေးတွေကို သိုလှောင်ထားချိန်နဲ့ သယ်ယူပို့ဆောင်ချိန်မှာ ခဲမသွားအောင် လုပ်နိုင်တဲ့ နည်းပညာကို တွေ့ရှိခဲ့ပါတယ်။ လန်းစတိုင်နာနဲ့ အဲလ်ဘတ်ဟတ်စတင်တို့ရဲ့ တွေ့ရှိမှုတွေဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူ တစ်ဘီလီယံကျော်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြပါတယ်။
လန်းစတိုင်နာဟာ (သွေးသွင်းကုသမှု ဖြစ်လာစေခဲ့တဲ့)ABO သွေးအုပ်စုစနစ်ကို ဖော်ထုတ်နိုင်ခဲ့လို့ ၁၉၃၀ ပြည့်နှစ်မှာ ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့ပါတယ်။
Ref: The Two Men Credited With Saving More Lives Than Anyone Else
NZ (ရိုးရာလေး)

