ထူးခြားတဲ့အတွေ့အကြုံတွေ ရရှိခံစားနိုင်ဖို့ ကံထူးရှင်ပရိသတ် ရွေးချယ်မယ့် UFC

hotsports05.jpg

UFC ပရိသတ်တွေအတွက် တစ်သက်မှာ တစ်ကြိမ်ပဲ ရရှိနိုင်မယ့် အခွင့်အရေးတစ်ရပ်အတွက် ကံစမ်းခွင့်ကို ဧပြီလ ၂၃ ရက်မှာ UFC က စတင်လိုက်ပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် UFC က သူတို့ရဲ့ပြိုင်ပွဲတွေကို တံခါးပိတ်ကျင်းပဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ကံထူးရှင်ပရိသတ်တစ်ယောက်ကတော့ UFC ရဲ့ အထူးဧည့်သည်တော်အဖြစ် အဲဒီပွဲစဉ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးခွင့်ရမှာဖြစ်ပြီး အော်စကာဆုရ မင်းသမီး ဟယ်လီဘယ်ရီနဲ့အတူ ညစာစားခွင့်၊ အတူပွဲကြည့်ခွင့် ရရှိမှာပါ။

နီဗားဒါးပြည်နယ်၊ လက်စ်ဗီးဂတ်စ်မြို့ကို အသွား၊ အပြန် လေယာဉ်လက်မှတ်တွေ ရရှိမှာဖြစ်ပြီး လက်စ်ဗီးဂတ်စ်မြို့က ကြယ်လေးပွင့်ဟိုတယ်မှာ ၃ ည တည်းခိုခွင့်ရမှာပါ။ ဒါ့အပြင် UFC ဥက္ကဋ္ဌ ဒါနာဝှိုက်နဲ့အတူ ပွဲစီစဉ်မယ့် အစည်းအဝေးတက်ရောက်ခွင့်ရမှာဖြစ်ပြီး UFC ရုံးချုပ်ကို သွားရောက်လည်ပတ်ခွင့်ရမှာပါ။ UFC ဂန္ထဝင်ကစားသမားတွေနဲ့အတူ လေ့ကျင့်ခွင့်ရမှာဖြစ်ပြီး အထူးဖန်တီးထားတဲ့ လက်ဆောင်ပစ္စည်းတွေလည်း ရရှိဦးမှာပါ။

UFC ရဲ့ ပုံတူခါးပတ်တွေလည်း ပိုင်ဆိုင်ခွင့်ရမှာပါ။ ဒီအစီအစဉ်မှာ ပါဝင်ချင်သူတွေအနေနဲ့ ဒေါ်လာ ၁၀ ကနေ ဒေါ်လာ ၁၀၀၀ အထိ ထည့်ဝင်ပြီးကံစမ်းနိုင်မှာဖြစ်ပါတယ်။ ထည့်ဝင်တဲ့ ငွေကြေးများလေလေ၊ မဲပေါက်နိုင်ခြေ ပိုများလေလေပါပဲ။ ဒေါ်လာ ၁၀ ဆိုရင် မဲလိပ် ၁၀ လိပ်ရမှာဖြစ်ပြီး ဒေါ်လာ ၂၅ ဆိုရင် မဲလိပ် ၂၅ ၊ ဒေါ်လာ ၅၀ ဆိုရင် မဲလိပ် ၁၀၀၊ ဒေါ်လာ ၁၀၀ ဆိုရင် မဲလိပ် ၂၀၀ ရမှာပါ။ လူတစ်ဦးကို အများဆုံး ဒေါ်လာ ၁၀၀၀ အထိပဲ ထည့်ခွင့်ရှိပါတယ်။ အဲဒီက ရလာတဲ့ငွေကြေးတွေကို Feeding America ၊ Meals On Wheels၊ World Central Kitchen နဲ့ No Kid Hungry ပရဟိတအဖွဲ့အစည်းတွေထံ လှူဒါန်းသွားမှာပါ။ ပါဝင်ကံစမ်းချင်သူတွေအနေနဲ့ မေလ ၁၄ ရက် နောက်ဆုံးထားပြီး All In Challenge ကံစမ်းမဲဝက်ဘ်ဆိုက်မှာ ပါဝင်နိုင်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top