အစိုးရအရာရှိတစ်ဦး၏ ဇနီး နေပြည်တော် နေအိမ်တွင် အသတ်ခံရမှုဖြစ်ပွား

10-9-2020-yyl-011.jpg

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာရှိ နေအိမ်မှာ အစိုးရအရာရှိတစ်ဦးရဲ့ ဇနီး အသတ်ခံရပြီး လက်ဝတ်ရတနာပစ္စည်း‌တွေ ယူဆောင်သွားတဲ့ အမှု တစ်ခု စက်တင်ဘာလ ၉ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒီအမှုနဲ့ပတ်သက်ပြီး တိုင်းနဲ့ ခရိုင်ရဲတပ်ဖွဲ့တွေပူးပေါင်းပြီး ပြစ်မှုကျူးလွန်သူ‌တွေကို စုံစမ်းဖော်ထုတ်နေတယ်လို့ ပုဗ္ဗသီရိမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
“ရဲလုပ်ငန်းတွေ ဆောင်ရွက်နေပါခင်ဗျ။ပစ္စည်းတစ်ချို့လည်း ပါသွားပါတယ်။အကုန်လုံးက ကျွန်တော်တို့ ပါသွားတဲ့ ပစ္စည်းကိုပဲ တရားလိုနဲ့ ပြန်ပြီးတော့ အတည်ပြုနေပါတယ်။ညပိုင်းက ကျွန်တော်တို့ အကုန်လုံးကတော့ တိုင်းအဖွဲ့ ခရိုင်အဖွဲ့တွေကော ပူးပေါင်းပြီးတော့ တရားခံအမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် နေပါတယ်။”လို့ ရဲအရာရှိက ပြောပါတယ်။

ဖြစ်စဉ်က သေဆုံးသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ရုံးက ပြန်လာချိန်မှာ ဇနီးဖြစ်သူကို မတွေ့ရှိတာကြောင့် နေအိမ်ဝန်းအတွင်းလိုက်လံရှာဖွေရာ ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာကို တွေ့ရတဲ့ အတွက် အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပြီး ပတ္တာရဲစခန်းမှာ လူသတ်မှု၊လုယက်မှု ပုဒ်မ‌ေတွဖြစ်တဲ့ ရာဇသတ်ကြီး ပုဒ်မ-၃၀၂/၃၉၂ နဲ့အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းက ချစ်သူ့လမ်းကြားလို့ အများခေါ်ဆိုနေကြတဲ့ ရာဇဌာနီလမ်းမကြီးဘေး ကုက္ကိုတန်းမှာ နေ့ခင်းဘက်မှာဘဲ ဓါးနဲ့ထိုးပြီး လုယက်မှုတစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။အဲဒီအမှုကိုတော့ ြဖစ်ပွားပြီး မကြာခင်မှာဘဲ တရားခံကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ရဲကိုဦး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top