အာဖရိကတိုက် အတွက် ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေး တဲ့ အီသီယိုးပီးယား ဝန်ကြီးချုပ်ကို ငြိမ်းချမ်းရေး နိုဗယ်ဆု ချီးမြှင့်

intl01-1.jpg

အီရစ်ထရီယာ (Eritrea) နိုင်ငံနဲ့ ပဋိပက္ခဖြစ်ပွားမှုကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ အီသီယိုးပီးယား ဝန်ကြီး ချုပ် အဘီအာမတ်(Abiy Ahmed)ကို ၂၀၁၉ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ အီသီယိုးပီးယား နဲ့ အီရစ်ထရီယာနိုင်ငံကြား နယ်စပ်ပဋိပက္ခ စတင်ခဲ့ပြီးနောက်ပိုင်း နှစ်(၂၀)ကြာအထိ နှစ်နိုင်ငံကြားမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ အဘီအာမတ် အကောင်အထည်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်က အဲဒီပဋိပက္ခတွေကို အဆုံးသတ်စေခဲ့ပါတယ်။ အဘီအာမတ် ဟာ ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်မှုသမိုင်းမှာ အကြိမ်(၁၀၀)မြောက် ငြိမ်းချမ်းရေးနိုဗယ်ဆု ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဆုချီးမြှင့်ခံရမှာပါ။ ဆုချီးမြှင့်ခံရပြီးနောက် နော်ဝေနိုင်ငံ နိုဗယ်ဆုရွေးချယ်ရေးကော်မတီ အတွင်းရေးမှူးချုပ် နဲ့ ဖုန်းဆက် စကားပြောရာမှာ အဘီအာမတ်က ” ကျေးဇူးအရမ်းတင်ပါတယ်။ ဒီဆုက အာဖရိကတိုက်နဲ့ အီသီယိုးပီးယားနိုင်ငံကို ပေးအပ်တဲ့ ဆုပါ။ ဒီဆုကြောင့် အာဖရိကရဲ့ တခြားခေါင်းဆောင်တွေလည်း ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်မှာ အပြုသဘော ဆောင်လာ ကြမယ် ဆိုတာ ကျွန်တော် မြင်ယောင်မိပါတယ်”လို့ ပြောခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ဖို့ လူပုဂ္ဂိုလ် ၂၂၃ ဦး၊ အဖွဲ့အစည်း ၇၈ ခု၊ စုစုပေါင်း ဆန်ခါတင်စာရင်းဝင် ၃၀၁ ဦး/ခု ထဲက နေ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာ ရာသီဥတုပြောင်းလဲမှုအတွက် ဦးဆောင်ဦးရွက် လှုပ်ရှားနေတဲ့ ဆယ်ကျော်သက် တက်ကြွ လှုပ် ရှားသူ ဂရီတာသွန်းဘာ့ဂ်(Greta Thunberg)က ဒီဆုရလိမ့်မယ်လို့ ရေပန်းစားခဲ့ပါတယ်။ နိုဗယ်ဖောင်ဒေးရှင်းရဲ့ စည်းမျဉ်းတွေ အရ ဆန်ခါ တင်စာရင်းကို လာမယ့်နှစ်(၅၀)အတွင်း ထုတ်ပြန်ခွင့်မရှိပါဘူး။

အဘီအာမတ်ရဲ့ ဘဝဖြတ်သန်းပုံ

၁၉၇၆ ခုနှစ်မှာ မွတ်စလင်ဖခင်နဲ့  ခရစ်ယာန်မိခင် ကနေ မွေးဖွားလာတဲ့ အဘီအာမတ်ရဲ့ ငယ်နာမည်က အဘီယော့(Abiyot) ဖြစ်ပြီး တော် လှန် ရေးလို့ အဓိပ္ပာယ်ရပါတယ်။ အီသီယိုးပီးယားနိုင်ငံမှာ ဒါ့ဂ်တော်လှန်ရေး (Derg revolution-ကွန်မြူနစ်တော်လှန်ရေး)ဖြစ်ပွားခဲ့တဲ့ ၁၉၇၄ ခုနှစ်နောက်ပိုင်း မွေးဖွားလာတဲ့ ကလေးတွေကို အဘီယော့ဆိုတဲ့နာမည်မျိုး ပေးလေ့ရှိပါတယ်။

ပုဂ္ဂိုလ်ရေး မှတ်တမ်းတွေ အရ အဘီအာမတ်က သူ့ရဲ့ပညာရေးကို အပတ်တကုတ် အားထုတ်ခဲ့သူ ဖြစ်ပြီး တခြားသူတွေ ကိုလည်း ပညာ သင်ယူရင်း ဘဝတိုး တက်အောင်လုပ်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ သူဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပညာရပ်မှာ ဒေါက်တာဘွဲ့ရခဲ့သူဖြစ်ပြီး အသွင်ကူးပြောင်းရေးဆိုင်ရာ ခေါင်းဆောင်မှုပညာရပ်မှာ မာစတာဘွဲ့ရခဲ့သူပါ။ ဆယ်ကျော်သက် ဘဝကတည်းက ဒါ့ဂ်လက်နက်ကိုင်တွေကို တွန်းလှန် တိုက်ခိုက်ရာမှာ ပူးပေါင်းပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရဝမ်ဒါနိုင်ငံမှာ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းသူအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အတွင်း အီရစ်ထရီယာ နိုင်ငံနဲ့ နယ်စပ်စစ်ပွဲဖြစ်ပွားချိန်မှာ အီရစ်ထရီယာ ကာကွယ်ရေး တပ်ဖွဲ့တွေ သိမ်း ပိုက်ထားတဲ့ ဒေသတွေကို အဘီအာမတ် ဦးဆောင်တဲ့ သူလျှိုအဖွဲ့က ကင်းလှည့်စောင့်ကြည့်ကြပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ နိုင်ငံရေး လော ကထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အဘီအာမတ်ဟာ အိုရိုမိုပြည်သူ့ဒီမိုကရက်တစ်အဖွဲ့အစည်းမှာ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး နောက် ပိုင်းမှာ လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။

လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ မွတ်စလင်-ခရစ်ယာန် ပဋိပက္ခနဲ့ ကြုံကြိုက်ခဲ့တဲ့ အဘီအာမတ်က ”ငြိမ်းချမ်းရေး အ တွက် ဘာသာရေး နှီးနှောဖလှယ်ပွဲ”ကျင်းပပြီး ပြဿနာကို အမြစ်ပြတ် ဖြေရှင်းနိုင်ဖို့ ကြံဆခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလမှာ အီသီယိုးပီး ယားနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ အဘီအာမတ်ဟာ အာဖရိကတိုက်ရဲ့  နိုင်ငံ့ခေါင်းဆောင်တွေ ထဲမှာ အသက် အငယ်ဆုံးအဖြစ် စံချိန်တင်ခဲ့သူပါ။

အဘီအာမတ်က ဘာတွေစွမ်းဆောင်ခဲ့သလဲ

ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက်မှာ အဘီအာမတ်က တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ တုပ်နှောင်ခံထားရတဲ့ အီသီယိုးပီးယားနိုင်ငံကို လစ်ဘ ရယ် ဆန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ထိတွေ့ခွင့်ပေးခဲ့ပါတယ်။ သူက နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ပြန်လွှတ်ပေးခဲ့ပြီး ပြည်ပမှာ တိမ်းရှောင်နေသူတွေကို ပြည်ဝင်ခွင့်ပေးခဲ့ပါတယ်။ သူ့လက်ထက်မှာ အမျိုးသမီးတော်တော်များများကို အရေးပါတဲ့ ရာထူးတွေ ခန့်အပ်ခဲ့ပါတယ်။

သူ့ရဲ့အပြောင်မြောက်ဆုံး လုပ်ဆောင်ချက်ကတော့ အီရစ်ထရီယာ  နိုင်ငံနဲ့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ခဲ့တာပါပဲ။ အီရစ်ထရီယာ နိုင်ငံနဲ့ ငြိမ်းချမ်း ရေးစာချုပ် ချုပ်ဆိုခဲ့ပြီးနောက်မှာတော့ အဘီအာမတ်က တခြားအာဖရိကနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း ပါဝင် လှုပ်ရှား ပေးခဲ့ပါတယ်။ ဆန္ဒပြမှုတွေ လနဲ့ချီဖြစ်ပွားခဲ့တဲ့ ဆူဒန်နိုင်ငံမှာ စစ်တပ်ခေါင်းဆောင်တွေနဲ့ ဆန္ဒပြသူတွေကြား အာဏာမျှ ဝေရေးသဘောတူညီမှုရရှိအောင် အဘီအာမတ်က ပါဝင်ကူညီခဲ့ပါတယ်။

သူဟာ ဆိုမာလီ၊ ဒီဘူတီနိုင်ငံ တွေ အပါအဝင် ဦးချိုပုံစံ အာဖရိကဒေသ (Horn of Africa) မှာ ငြိမ်းချမ်းရေး ဆောင်ကျဉ်း ပေးနိုင်ဖို့ တစ် ထောင့် တစ်နေရာက ပါဝင်ခဲ့သူပါ။ အဘီအာမတ်ရဲ့  ပြုပြင်ပြောင်းလဲမှု တွေက အကောင်းချည်းပဲတော့ မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ ပြုပြင် ပြောင်း လဲ မှု တချို့ကြောင့် အီသီယိုးပီးယားနိုင်ငံမှာ မျိုးနွယ်စုဆိုင်ရာ တင်းမာမှုတွေ ပွင့်အန်ထွက်လာပြီး ဆူပူအုံကြွမှု ဖြစ်ပွားခဲ့လို့ လူ ၂.၅ သန်း လောက် နေရပ်စွန့်ခွာခဲ့ရပါတယ်။

အဘီအာမတ်ရဲ့ ဆုရရှိမှုကို ဘယ်လိုမှတ်ချက်ပေးကြသလဲ

နော်ဝေနိုင်ငံ နိုဗယ်ဆုရွေးချယ်ရေးကော်မတီ- ” အိမ်နီးချင်း အီရစ်ထရီယာ နိုင်ငံနဲ့ နယ်စပ်ပဋိပက္ခ ဖြေရှင်းနိုင်ဖို့ တိကျခိုင်မာတဲ့ ဦးဆောင် ဦးရွက် လုပ်မှုကြောင့် သူ့ကို ဆုချီးမြှင့်ခဲ့တာပါ။ အီသီယိုးပီးယားနိုင်ငံ၊ အာဖရိကတိုက်အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ကြိုးစားအားထုတ်သူ အားလုံးကို ဒီဆုနဲ့ အသိအမှတ်ပြုခဲ့တာပါ။

ငြိမ်းချမ်းရေးဆိုတာ တစ်ဘက်တည်းရဲ့လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အသီးအပွင့်မဟုတ်ပါဘူး။ အဘီအာမတ်က လက်ကမ်း ပေး ချိန်မှာ အီရစ်ထရီယာသမ္မတ အက်ဝါကီက ဖမ်းဆုပ်ပြီး နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင် အကောင် အထည်ပေါ် လာ အောင် ကူညီပေးခဲ့ပါတယ်။ အဲဒီငြိမ်းချမ်းရေးသဘောတူညီချက်က အီသီယိုးပီးယားနဲ့ အီရစ်ထရီယာနိုင်ငံက ပြည်သူ၊ ပြည်သားတွေ အား လုံးအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲ ဆောင်ကျဉ်းပေးနိုင်ဖို့ နော်ဝေနိုင်ငံ နိုဗယ်ဆုရွေးချယ်ရေးကော်မတီက မျှော်လင့်  ပါတယ်”

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် – အီသီယိုးပီးယားနဲ့ အီရစ်ထရီယာနိုင်ငံကြား သမိုင်းဝင်သင့်မြတ်မှု အကောင် အထည် ပေါ်လာအောင် သူ့ရဲ့အမြင်က ကူညီပေးခဲ့ပါတယ်။ သူ့ရဲ့ခေါင်းဆောင်မှုပိုင်းကတော့ အာဖရိကတိုက် အတွင်း၊ အပြင်က တခြားနိုင်ငံတွေ အတွက် အံ့အားသင့်စရာ စံနမူနာတစ်ရပ် ဖြစ်ခဲ့ပါတယ်။

ကင်ညာဝန်ကြီးချုပ်ဟောင်း အိုဒင်ဂါ – အိမ်နီးချင်းအီရစ်ထရီယာနိုင်ငံနဲ့ နယ်စပ်ပဋိပက္ခကို ဖြေရှင်းနိုင်အောင် ကြိုးစားအားထုတ်ခဲ့လို့ ငြိမ်းချမ်းရေးနိုဗယ်ဆုရခဲ့တဲ့ အဘီအာမတ်အတွက် ဂုဏ်ယူပါတယ်။ ဒီဆုဟာ စစ်ပွဲတွေကြောင့် အချိန်တော်တော်ကြာအောင် နောက်ကြောင်းပြန်လှည့်နေတဲ့ အာဖရိကတိုက်အတွက် ဂုဏ်ယူစရာပါ။ ရင်ဆိုင်တိုက်ခိုက်မယ့်အစား သံတမန်ရေးရာနဲ့ စေ့စပ်ညှိနှိုင်းတဲ့ နိုင်ငံရေးက အနာဂတ်ရဲ့နည်းလမ်းဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုလိုက်တာပါ။

Ref: BBC & CNN

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top