လေ့ကျင့်ခန်းလုပ်ရင် ပိုလှလာမှာလား။

exercise-young-woman.jpg

လူတော်တော်များများက လေ့ကျင့်ခန်း လုပ်ရတာ၊ Gym သွားရတာကို သဘောမကျကြပါဘူး။ ဒါပေမယ့် သေချာ ပြန်စဉ်းစားကြည့်ရင် လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်က အဆီပိုတွေ ပိုနေတဲ့ ကိုယ်အလေးချိန်တွေကို ကျစေတယ်ဟုတ်။ အဆီကျတယ် ခန္ဓာကိုယ် ကျစ်လျစ်သွားတယ်ဆိုတာနဲ့တင် အလှတိုးပြီလေ။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို ကျစ်လျစ် အချိုးကျသွားစေဖို့ လှတယ်၊လို့ ပြောရတာ မဟုတ်ပါဘူး။

လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အပြင် အသားအရေ၊ ဆံသားတွေကျန်းမာစေဖို့ပါ အထောက်အကူပြုပေးပါတယ်။ ဒီတော့ လေ့ကျင့်ခန်း လုပ်လာရင် လှလာစေမှာပါ၊ လို့ပဲ ပြောပါရစေ။ ဒီတော့ လေ့ကျင့်ခန်းလုပ်ရင်း ရရှိလာမယ့် အလှအပတရားလေးတွေကို ဆက်ကြည့်ရအောင်လား………..

လေ့ကျင့်ခန်းလုပ်ရင် လှလာမှာပါလို့ ပြောရတဲ့ အကြောင်းအရင်း

တစ်နေ့ကို ၁၅ မိနစ်ကနေ ၁ နာရီလောက်အထိ အချိန်ပေးပြီး ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတာက


အသားအရေကို Glow စေတယ်

အသားအရေလေး glow အောင်ဆိုပြီး ဈေးကြီးတဲ့ body lotion တွေ၊ cream တွေနဲ့ အမျိုးမျိုးသော အလှကုန်တွေကို ဝယ်ယူအသုံးပြုနေမိလား။ ဒါတွေက တဒင်္ဂသာ လှပစေတာပါ။ ရေရှည်မှာ မလိမ်းမိတဲ့အခါ လှပစေဖို့ ခက်ခဲသွားနိုင်ပါတယ်။

ဒီတန်ဖိုးကြီး အလှကုန်တွေမှာ ရင်းနှီးမြှုပ်နှံမယ့်အစား လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကိုပဲ ရင်းနှီးမြှုပ်နှံလိုက်စေချင်ပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးခုန်နှုန်း မြန်လာပြီး သွေးလည်ပတ်မှုက ပိုမြန်လာမယ်။ သွေးထဲမှာ အောက်ဆီဂျင် ပမာဏများလာမယ် ဒီလိုများလာတာက အရေပြားဆဲလ်တွေ အသစ်ဖြစ်ပေါ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဒီဖြစ်စဉ်က အသားအရေကို glow နေစေဖို့ ကူညီပေးမှာပါ။

ဝက်ခြံကင်းစေတယ်

လေ့ကျင့်ခန်း မှန်မှန်လုပ်တာက ဝက်ခြံ နဲ့ အစက်အပြောက် ကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ချင်သူတိုင်း သိထားဖို့ လိုမယ့် လျှို့ဝှက်ချက်ပါ။ မကြာခဏ ဝက်ခြံထွက်တတ်တယ်၊ ဝက်ခြံတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင် လေ့ကျင့်ခန်း မှန်မှန် လုပ်စေချင်ပါတယ်။

လေ့ကျင့်ခန်းလုပ်တာက ကိုယ်တွင်း ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ဝက်ခြံဖြစ်တာကို လျော့ကျစေသလို အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဝက်ခြံ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ဆံသား ကျန်းမာစေတယ်

လေ့ကျင့်ခန်းလုပ်တာက ဆံပင် အမြစ်တွေကို ဆံပင်ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်သလို ဆံပင်တွေကို အရင်းကနေ အဖျားထိ ကျန်းမာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးတာက ဦးရေပြားကိုလည်း သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေပြီ ဆံပင်တွေ ကျန်းမာသန်စွမ်းဖို့ လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝ ရရှိစေပါတယ်။

အဆိပ်အတောက် ကင်းတဲ့ အသားအရေ ပိုင်ဆိုင်နိုင်မယ်

လေ့ကျင့်ခန်း လုပ်တာက ကိုယ်တွင်း ကအဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပြီး အသားအရေကို ချောမွေ့တောက်ပစေပါတယ်။

အရွယ်တင်စေနိုင်တယ်

လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းပမာဏကို ထိန်းညှိပေးပါတယ်။ ဒီဟော်မုန်းက အရေပြားမှာ ဝက်ခြံတွေ အရေးအကြောင်းနဲ့ အဆီဖုတွေ ဖြစ်စေတဲ့ Sebum တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အသားအရေကို အရွယ်တင် လှပချင်တယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ဖို့ လိုပါမယ်။

Cellulite တွေ လျော့ပါးစေတယ်

Cellulite တွေက အရေပြားပေါ်မှာ တော်တော်လေး ကြည့်ရဆိုးပါတယ်။ များသောအားဖြင့် တင်ပါး၊ ပေါင်၊ ခြေသလုံး၊ ဗိုက်တွေမှာ တွေ့ရတတ်ပါတယ်။ ဒီ Cellulite တွေက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

ဒီ Celluliteတွေကို သက်သာစေဖို့ လေဆာ ကုထုံးသုံးတာ၊ နှိပ်နယ်တာက စလို့ နည်းလမ်းအမျိုးမျိုးကို သုံးပြီး သက်သာအောင် လုပ်လို့ရတယ်ဆိုပေမယ့် လေ့ကျင့်ခန်းလုပ်တာကတော့ Celluliteတွေကို သက်သာစေမယ့် အထိရောက်ဆုံးသော နည်းလမ်းပါ။ ဒါကြောင့် အရေပြားက ​ကြည့်ရဆိုးတဲ့ Cellulite တွေကို လေ့ကျင့်ခန်းလုပ်ပြီး တိုက်ဖျက်ပါ။

အသားအရေ တင်းရင်းစေတယ်

အသက် ၃၀ ကျော်လာတဲ့အခါ အသားအရေက တင်းရင်းမှု အားနည်းလာပါတယ်။ အကြောင်းကတော့ ကိုယ်တွင်းမှာ ကော်လာဂျင် ပမာဏ လျော့ကျသွားတာကြောင့်ပါ။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းနည်းက လေ့ကျင့်ခန်းလုပ်တာပါ။ လေ့ကျင့်ခန်းလုပ်တာက ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်သလို အသားအရေကိုလည်း တင်းရင်းစေပါတယ်။

ပိုကြည့်ကောင်းလာစေတယ်

လေ့ကျင့်ခန်းလုပ်တာက ကိုယ်နေဟန်ထား မှန်လာစေသလို ခန္ဓာကိုယ် အချိုးအစား ကျနလာတယ်။ ဟန်ချက်ညီ လှုပ်ရှားတတ်လာစေတယ်။ အသားအရေ၊ ဆံပင်ကစလို့ စိတ်ခံစားမှု အထိ ကောင်းလာစေဖို့ အားဖြည့်ပေးတာကြောင့် သင့်ကို တက်ကြွလန်းဆန်းနေစေပြီး အရင်ကထက် ပိုကြည့်ကောင်းလာစေမှာ အသေအချာပါ။

လေ့ကျင့်ခန်းကို နေ့စဉ် ပုံမှန် ၁၅ မိနစ်ကနေ ၁ နာရိလောက် လုပ်ပေးမယ်ဆိုရင် ၃လအတွင်းမှာ သိသာတဲ့ ရလဒ်တစ်ခု ရရှိလာစေမှာ အသေအချာပါ။ လေ့ကျင့်ခန်းလုပ်ရင် လှလာစေမှာလားဆိုတဲ့ အဖြေကိုတော့ ကိုယ်တိုင် ထုတ်လိုက်တော့နော်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top