ကားထဲနေထိုင်နေရတဲ့ဆရာတစ်ဉီးကို ချက်လက်မှတ်လက်ဆောင်ပေးခဲ့တဲ့ ကျောင်းသားဟောင်း

6-9-2021-yyl4.jpg

အငြိမ်းစားဆရာတစ်ဉီးဟာ သူ့ရဲ့တပည့်ဟောင်းဆီကနေ လက်ဆောင်အနေနဲ့ ငွေပမာဏများတဲ့ ချက်လက်မှတ်တစ်စောင်လက်ခံရရှိခဲ့ပါတယ်။ အဲဒီတပည့်ဟောင်းက သူ့ရဲ့ဆရာဖြစ်ခဲ့ဖူးသူ ဟိုဆေး ဗီလာရူရယ် (Jose Villarruel) ကားထဲမှာ နေထိုင်နေတာကို မြင်တွေ့သွားခဲ့ပြီးတဲ့နောက်မှာ ဒေါ်လာ ၂၇၀၀၀ တန်ချက်လက်မှတ်ကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဖွန်တာနာမြို့က ဆရာဟိုဆေး သင်ခဲ့ဖူးတဲ့ တပည့်တွေဟာ သူ့ကို ဆရာဗီလို့ ခေါ်ကြတာပါ။ အခုနှစ်ဖေဖော်ဝါရီလကပဲ အသက် ၇၇ နှစ်ပြည့်သွားခဲ့ပါပြီ။ သူ့ကို ချက်လက်မှတ်လက်ဆောင်ပေးခဲ့တဲ့ တပည့်ဟောင်းလေးကတော့ အသက် ၂၁ နှစ်အရွယ် စတီဗန် နာဗာ (Steven Nava) ဆိုသူပါပဲ။ စတီဗန်က သူ့ဆရာကို တန်ဖိုးကြီးချက်လက်မှတ်ကို လက်ဆောင်ပေးနိုင်ဖို့အတွက် အွန်လိုင်းကမ်ပိန်းတစ်ခုလုပ်ခဲ့တာပါ။

တပည့်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ ဆရာဟိုဆေးဟာ ဆယ်စုနှစ်များစွာကတည်းက ဆရာတစ်ယောက်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက ဖြစ်ပွားပြီး ကျောင်းတွေက အွန်လိုင်းသင်ကြားရေးစနစ်အဖြစ် ပြောင်းလဲခဲ့ရတဲ့အချိန်မှာ ကျောင်းကနေ ထွက်စာတင်ခဲ့ပြီး သူ့ရဲ့ကားထဲမှာပဲ နေထိုင်နေခဲ့တာပါ။

ဆရာဟိုဆေးက ကျောင်းအခြေအနေက လုံးဝပြောင်းလဲသွားတာကြောင့် မေလမှာ ထွက်စာတင်ခဲ့ပါတယ်။ ပင်စာလစာရဖို့အတွက်လည်း အားလုံးစီစဉ်ခဲ့ပါတယ်။ ပင်စင်လစာချက်လက်မှတ်ရခဲ့ပေမဲ့ သူ့မှာ အကြွေးတွေရှိတာကြောင့် အဲဒီချက်လက်မှတ်က သူ့လက်ထဲ အကြာကြီးမနေခဲ့ပါဘူး။ ဆရာဟိုဆေးမှာ ကိုယ်ပိုင်အိမ်လည်းမရှိတဲ့အတွက် သူပိုင်ဆိုင်တဲ့ ကားထဲမှာပဲ စားသောက်နေထိုင်ခဲ့ရပါတယ်။ သူ့ရဲ့ကားက သူ့အတွက် လမ်းပန်းဆက်သွယ်ရေးအတွက်သာမက ထမင်းစားခန်း၊ အိမ်ခန်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အခုနှစ် မတ်လမှာ တပည့်ဟောင်း စတီဗန်က သူ့ဆရာကို ကားထဲမှာ နေထိုင်နေတာ မြင်တွေ့သွားခဲ့ပြီး ဒေါ်လာ ၃၀၀ ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အလှူငွေရဖို့အတွက် TikTok မှာ ဆရာဟိုဆေးအကြောင်း တင်ရင်း GoFundMe ပေ့ချ်ကို ဖွင့်ခဲ့ပါတယ်။ အဲဒီလို အလှူခံရင်းကနေ ဆရာဟိုဆေးရဲ့မွေးနေ့မှာ လက်ဆောင်အနေနဲ့ ဒေါ်လာ ၂၇၀၀၀ ပေးနိုင်တဲ့အထိ အလှူငွေတွေရရှိခဲ့ပါတယ်။

စတီဗန်က လူမှုကွန်ယက်ရဲ့အစွမ်းက အခုဆိုရင် အရမ်းကြီးမားပြီး တစ်ခါတလေ မကောင်းတာအတွက်မဟုတ်ဘဲ ကောင်းတဲ့အရာအတွက် အသုံးပြုဖို့ လိုတယ်လို့ ဆိုပါတယ်။ ဆရာဟိုဆေးကို ချက်လက်မှတ်လက်ဆောင်ပေးတဲ့ ပွဲကို ဖွန်တာနာမြို့ရဲ့မြိုတော်ဝန်လည်း ဆရာဟိုဆေးရဲ့ကျောင်းသားဟောင်းများနဲ့အတူတက်ရောက်ခဲ့ပါတယ်။ ဆရာဟိုဆေးရဲ့တပည်ဟောင်းတွေထဲကတစ်ဉီးဖြစ်တဲ့ မီလစ်ဆာ လိုပက်ဇ် (Melissa Lopez) ကလည်း ဆရာက စာသင်ခန်းထဲ ဝင်လာတဲ့အချိန် အမြဲတမ်း တက်ကြွပြီး အမြဲဖော်ရွေသဘောကောင်းတဲ့အတွက် လူတိုင်းက သူ့ကို အမြဲတမ်း မှတ်မိကြကြောင်းပြောပါတယ်။

ဆရာဟိုဆေးက ချက်လက်မှတ်လက်ဆောင်ရတဲ့အချိန်တုန်းက အိပ်မက်မက်နေသလိုပဲ မယုံကြည်နိုင်ဖြစ်ခဲ့ရပြီး အဲဒီအတွက် တစ်ခုခုပြန်ပေးဖို့ စီစဉ်ထားတယ်လို့ ဆိုခဲ့ပါတယ်။

Ref: Ladbible “Teacher Who Lives In Car Gifted $27,000 Cheque By Former Student”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top