ခရီးအတူသွားမယ့်စုံတွဲတိုင်းသိထားသင့်တဲ့ သတိထားစရာများ

44195702_281808696002994_7712043542985572352_n.jpg

ခရီးအတူတကွ သွားဖူး၊ လာဖူးရှိပြီး အဆင်ပြေနေကြတဲ့စုံတွဲတွေအတွက်တော့ အထူးတလည်ပြောစရာမရှိပေမဲ့ အခုမှပထမဆုံး ခရီးစသွားကြမယ့် စုံတွဲလေးတွေအတွက်တော့ တစ်ခါသွားပြီး နှစ်ဦးနှစ်ဘက်မငြိုမငြင်ဘဲ နောက်ထပ်ခရီးစဉ်တွေ ပျော်ပျော်ပါးပါးထပ်ထွက်နိုင်ဖို့ရာ ခရီးသွားနည်းလေးရေးပေးချင်ပါတယ်။

သွားဖူးပြီးသားစုံတွဲတွေလည်း ပညာရလို့ရငြား လေ့လာကြည့်လိုက်ရပါတယ်။ ကဲ … ဆက်ဖတ်ကြည့်လိုက်ကြရအောင်ပါ။

၁။ စက္ကန့်တိုင်းအတူပူးကပ်နေချင်တာ

ဘယ်နှရက်ခရီးစဉ်ပဲဖြစ်ဖြစ် အမြဲတမ်းတော့ ကိုယ့်ချစ်သူနား ပူးကပ်နေချင်လို့တော့မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့၊ ဂရုစိုက်တတ်ဖို့၊ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် တစ်ကိုယ်တည်းလုပ်ဆောင်တတ်စေဖို့ရာ တစ်နေ့ (၂-၃) နာရီလောက်ဖြစ်ဖြစ် ကိုယ်ပိုင်အချိန်လေးတော့ရအောင်ယူပါ။

၂။ အမြဲတမ်းရိုဆန်ရမယ်လို့ မျှော်လင့်ထားတာ

ဒါပေါ့ … ရိုဆန်ချင်တာပေါ့။ ဒါပေမဲ့ ဘယ်အရာမဆို မှန်းထားတဲ့အတိုင်း ဖြစ်ချင်မှဖြစ်တာရယ်လေ။ လေယာဉ်၊ ကား၊ ရထား နောက်ကျတာမျိုးတွေ၊ လမ်းပျောက်တာမျိုးတွေ၊ ဘာသာစကားအခက်အခဲတွေ ဒါမှမဟုတ်လည်း ဒီထက်ပိုဆိုးတာတွေက သင်တို့နှစ်ယောက်ရဲ့ခရီးစဉ်ကြား ရောက်လာနိုင်ပါတယ်။ ဒါကို အခက်အခဲလို့ယူဆပြီး ကိုယ့်ရဲ့ချစ်သူကိုအပြစ်တင်ပြောဆိုနေဖို့မသင့်ပါဘူး။

၃။ အတင်းကြီးတွေရိုမဆန်ချင်ပါနဲ့

ဟိုနေရာရောက်လည်း ရိုလိုက်ရမှ၊ ဒီနေရာရောက်လည်း ရိုလိုက်ရမှ။ facebook ပေါ်ပုံတင်ဖို့ရာ ရိုမယ်ဆိုတာချည်းပဲ ဖြစ်နေဖို့မလိုပါဘူး။ ရုပ်ရှင်ရိုက်နေတာလည်း မဟုတ်တာမို့ ကိုယ်ရောက်နေတဲ့နေရာမှာ ကိုယ့်ချစ်သူနဲ့သာ လက်တွေ့ဆန်ဆန် အကောင်းဆုံးအမှတ်တရတွေ ဖန်တီးခဲ့ပါ။

၄။ ပိုက်ဆံအတွက် အငြင်းမပွားကြပါနဲ့

စုံတွဲတွေကြားထဲ ပိုက်ဆံနဲ့ပတ်သတ်ပြီး စကားများတာအဆိုးဆုံးနော်။ မရှိအတူ ရှိအတူပေါ့။ အများကြီးပြောစရာမလိုတဲ့အချက်ဖြစ်မယ်ထင်လို့ ချဲ့ကားပြီးတော့ပြောမနေတော့ပါဘူး။ သတိထားပါ။ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်ချစ်သူနဲ့ ဘယ်တော့မှ စကားမများရပါစေနဲ့။

၅။ ကိုယ့်မူပိုင်ဖြစ်ချင်တာ

သူငယ်ချင်းတွေနဲ့စုပြီး သွားတတ်တဲ့ခရီးမှာဆို ပိုဆိုးပါတယ်။ အမြဲတမ်းကိုယ့်နားမှာပဲ ပူးကပ်နေစေချင်ပြီး တခြားသူကိုဆို ဘာအကူအညီမှမပေးခိုင်းဘဲ ချစ်သူကို ကိုယ့်အနားမှာချည်း ဆွဲထားချင်လို့မရပါဘူး။ သတိထားပါ။ ကိုယ့်ချစ်သူဆိုပေမဲ့လည်း လူသားချင်းကူညီခွင့်လေးတော့ ပေးလိုက်ပါ။

၆။ တစ်ယောက်တည်းခွဲထွက်နေတာ

အမြဲတမ်းပူးကပ်နေဖို့မလိုဘူးဆိုပေမဲ့ အမြဲတမ်းလည်း ခွဲထွက်နေစရာမလိုပါဘူး။ အမှတ်တရကောင်းတွေ ဖန်တီးချင်လို့၊ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု တည်ဆောက်ချင်လို့၊ တစ်ယောက်အကြောင်းပိုသိဖို့ ထွက်လာတဲ့ခရီးစဉ်မို့ တစ်ယောက်တည်းခွဲထွက်မနေသင့်ပါဘူး။ ဒီအရာကိုတော့ တကယ်ချစ်တဲ့စုံတွဲတိုင်းက နားလည်နိုင်ကြမှာပါ။

၇။ အမြဲပြဿနာရှာတာ

ဟိုဟာက နင်ကြောင့်၊ ဒီဟာက နင့်ကြောင့်။ နင်ဘယ်လိုလုပ်လိုက်လို့ အဆင်မပြေဖြစ်သွားတာ စသဖြင့် အမြဲတမ်းပြဿနာရှာပြီး အပြစ်ပြောနေမယ်ဆို ဒီခရီးစဉ်ကပြန်ရောက်ရင် သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မတွေးရဲစရာဖြစ်သွားတတ်ပါတယ်။ ကံမကောင်းရင်တော့ အဲဒီခရီးစဉ်မှာတင် မတွေးရဲစရာဖြစ်သွားမှာပါ။ ဆိုလိုတာကိုသိမယ်ဆို အရမ်းဇီဇာမကြောင်ပါနဲ့လို့ပဲ ပြောချင်ပါတယ်။

ကဲ … ဒီလောက်ဆို တော်တော်လေးလုံလောက်ပြီလို့ ထင်ပါတယ်။ စုံတွဲတိုင်း စုံတွဲတိုင်း ပျော်ရွှင်စရာခရီးစဉ်လေးပိုင်ဆိုင်နိုင်ပြီး နားလည်မှုတွေလည်း အများကြီးတည်ဆောက်နိုင်ကြပါစေလို့ စာရေးသူက ဆုတောင်းပေးလိုက်ပါတယ်။

Ref: Pinterest “THINGS NOT TO DO WHEN TRAVELING AS A COUPLE”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top