ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၇၀၀ ကျော်ကို လှူဒါန်းသွားမယ့် ချောင်ယွန်ဖတ်

44131164_1190646997753711_4296696681761603584_n.jpg

ဟောင်ကောင်ရုပ်ရှင်ကြယ်ပွင့် ချောင်ယွန်ဖတ်က “Crouching Tiger,Hidden Dragon” ဇာတ်ကားနဲ့ နာမည်ကြီးခဲ့သလို အော်စကာဆုရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် ၆၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသားကြီး ချောင်ယွန်ဖတ်က ဘဝင်မမြင့်တတ်ဘဲ ခြိုးခြံချွေတာတတ်တဲ့ လူနေမှုစတိုင်ကြောင့် နာမည်ကြီးပါတယ်။

ပိုင်ဆိုင်မှုတွေ ဒေါ်လာသန်းချီရှိနေတဲ့ ချောင်က သွားလာတဲ့အခါမှာ အများတန်းတူ သာမန်သယ်ယူပို့ဆောင်ရေးလိုင်းပဲ အသုံးပြုသလို ဈေးချတဲ့ စတိုးဆိုင်တွေမှာပဲ ဈေးဝယ်လေ့ ရှိပါတယ်။ Nokia ခေါက်ဖုန်းတစ်လုံးကို ၁၇ နှစ်တိုင်တိုင် အသုံးပြုပြီး လုံးဝသုံးမရအောင် ပျက်သွားတဲ့အချိန်မှပဲ စမတ်ဖုန်းအသစ်တစ်လုံး ဝယ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇနီးဖြစ်သူ ဂျက်စမင်တန်နဲ့အတူ ဖောင်ဒေးရှင်းတစ်ခု ထူထောင်ထားပြီး ချောင်တို့ဇနီးမောင်နှံမှာ သားသမီးရတနာတော့ မထွန်းကားခဲ့ပါဘူး။ ရုပ်ရှင်လောကထဲမှာ နှစ်ပေါင်း ၄၀ ကျော်ကြာ ကျင်လည်ခဲ့တဲ့ မင်းသားကြီးက သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ချောင်က ပိုင်ဆိုင်မှုတန်ဖိုးငွေ ဒေါ်လာသန်း ၇၀၀ ကျော်ကို လှူဒါန်းမှာ ဖြစ်ပြီး ကိုယ်တိုင်ကတော့ တစ်လကို ဒေါ်လာ ၁၀၀ နဲ့လောက်အောင် ချွေတာသုံးမယ်လို့ ဆိုပါတယ်။ “ ဒီပိုက်ဆံတွေအားလုံးကို ကျွန်တော် ပိုင်ဆိုင်တယ်လို့ မခံယူထားဘဲ ယာယီထိန်းသိမ်းထားတယ်လို့ပဲ ယူဆပါတယ်။ ကျွန်တော်က ပျော်ရွှင်တဲ့ သာမန် လူသားတစ်ယောက်ပဲ ဖြစ်ချင်တာပါ။ ဘဝမှာ အခက်ခဲဆုံးအရာက ကံကောင်းဖို့ မဟုတ်ဘဲ ငြိမ်းချမ်းတဲ့ စိတ်ထားနဲ့ အပူအပင်ကင်းတဲ့ သာမန်ဘဝလေးကို ဘယ်လိုဖြတ်သန်းရမလဲ ဆိုတာပါ” က ချောင်ရဲ့ ခံယူချက် ဖြစ်ပါတယ်။

အားလပ်ချိန် တော်တော်များများမှာ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတတ်တဲ့ ချောင်က ပရိသတ်တွေကို ဖော်ရွေစွာ ဆက်ဆံတတ်သလို ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကိုကြည့်ဖို့တောင် လက်မှတ်ကောင်တာမှာ တန်းစီပြီး ဝယ်ယူတတ်တဲ့သူ ဖြစ်ပါတယ်။

Ref: dailymail “Crouching Tiger,Hidden Dragon star plans to donate entire fortune”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top