ကလေးရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ အရေပြားကျန်းမာရေး

sweet-newborn-baby-yawns-PDLLNCM.jpg

မိခင်ကောင်းတစ်ယောက်အနေနဲ့ ကလေးငယ်တွေကို ကြွယ်ဝတဲ့အာဟာရရော ကျန်းမာရေး စောင့်ရှောက်မှုကိုပါ အပြည့်အဝပေးနိုင်ဖို့ အရေးကြီးပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ အရေပြား ကျန်းမာရေး ကိုလည်း မေ့မထားသင့်ပါဘူး။ မွေးကင်းစကလေးတွေက ပထမ ၂၈ရက်မှာ ရောဂါပိုး ဝင်ရောက်လွယ်တာကြောင့် သူတို့လေးတွေရဲ့ တစ်ကိုယ်ရည် ကျန်းမာရေးအတွက် လိုက်နာသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးကို ရေချိုးပေးခြင်း

ခန္ဓာကိုယ် အသားအရေ နူးညံ့စေပြီး အရေပြား ကောင်းမွန်စေဖို့ ရေချိုးပေးချိန်မှာ နှိပ်နယ်ပေးတာကလည်း အရေးပါပါတယ်။ ကလေး ချက်မကြွေခင်အထိ နူးညံ့တဲ့ အဝတ်ရေစို၊ ဝါဂွမ်းစ၊ ပုဝါရေစိုတို့နဲ့ ကလေးချိုင်းကြား၊ လည်ပင်းနဲ့ ကလေးအောက်ပိုင်းတွေကို သန့်ရှင်းရေး လုပ်ပေးပါ။ အနိမ့်ဆုံး တစ်ပတ်လောက်ကြာပြီး ချက်ကြွေသွားတာနဲ့ ရေစချိုးပေးလို့ရပါပြီ။ ရေချိုးပေးတဲ့အခါ လိုက်နာသင့်တဲ့ အချက်ကလေးတွေကို ကြည့်ရအောင်…

– ရေစမချိုးခင် ကလေးကို နူးညံ့ညင်သာစွာ နှိပ်နယ်ပေးပါ။ ဒါဆို ကလေးက ငြိမ်ပြီး ရေချိုးရတာကို သဘောကျမှာပါ။

– ရေချိုးရာမှာ လိုအပ်တဲ့ ပစ္စည်း (တဘက်၊ ရှန်ပူ၊ ဆပ်ပြာ) တွေကို အနားမှာ ချထားပါ။

– ရေအပူချိန်ကို ကလေးက ခံနိုင်ရည် ရှိ၊ မရှိစမ်းသပ်ဖို့ ကလေး ကျောကုန်းကို ရေလောင်းပြီး စမ်းကြည့်လို့ရပါတယ်။

– ရေစချိုးကာစ ကလေးဆိုရင် ကလေးရဲ့ လက်နဲ့ခြေကို ရေလောင်းပေးပြီး သူကြိုက်၊ မကြိုက် စမ်းသပ်လို့ရပါတယ်။ သဘောကျတယ်ဆိုရင် ကလေးကို baby mild ရှန်ပူ ဒါမှမဟုတ် ဆပ်ပြာတို့နဲ့ ခန္ဓာကိုယ်အနှံ့ ရေချိုး သန့်စင်ပေးပါ။

– မွေးကင်းစကလေးတွေက ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လေ့ရှိတာဖြစ်လို့ နေ့ခင်းဘက် ဒါမှမဟုတ် ညနေခင်းဘက်တွေမှာ အရမ်းမအေးရင် ရေချိုးပေးလို့ရပါတယ်။

– ရေချိုးပေးပြီးတဲ့အခါ ကလေးကို သေချာချီပြီး ရေစစ်ပါ။ ပြီးတာနဲ့ နွေးထွေးစေမယ့် အဝတ်အစားလေးတွေဝတ်ထားပေးပါ။

ကလေးအတွက် အရေးကြီးတဲ့ Diaper

ကလေးများရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးအကြောင်း ပြောတဲ့အခါ ကလေး အညစ်အကြေးခံ (Diaper) လဲလှယ်ပေးမှုကိုလည်း သေချာ ဂရုစိုက်ပေးသင့်ပါတယ်။ ကလေးတွေရဲ့ အရေပြားက နူးညံ့ပျော့ပျောင်းပြီး ထိခိုက်လွယ်တာကြောင့် diaper ပတ်ထားတဲ့ နေရာတစ်ဝိုက်ကိုလည်း သေချာလေး ဂရုစိုက်သင့်ပါတယ်။ တစ်ခါတစ်လေ diaper ကြာကြာဝတ်ထားပေးတဲ့အခါ ကလေးအရေပြားမှာ အဖုအပိမ့်တွေထွက်ပြီး အရေပြားရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လိုက်နာသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်

– diaper မှာ သေးစိုပြီး အညစ်အကြေးပေပြီဆိုတာနဲ့ ချက်ချင်းလဲပေးပါ။

– ကလေး ဆီးသွားပြီးတာနဲ့ တစ်ပြိုင်နက်တည်း baby mild ဆပ်ပြာကိုသုံးပြီး ရေနဲ့ စင်ကြယ်စွာ ဆေးပေးပါ။ ကလေး အောက်ပိုင်း သန့်ရှင်းသွားချိန်ကျမှ diaper အသစ် ထပ်ဝတ်ပေးပါ။

– Diaper ကို အမြဲတမ်း ဝတ်မထားပေးသင့်ပါဘူး။ တစ်ခါတစ်လေ ချွတ်ထားပေးပါ။ ဒါက အလုပ်များတဲ့ မေမေတွေအတွက် ခက်ခဲတယ်ဆိုတာ သိပေမယ့် ဖြစ်နိုင်ရင်တော့ အပြင်သွားမှသာ diaper ဝတ်ပေးပြီး အိမ်မှာနေချိန်ကလေးကို လွတ်လပ်စွာနေစေတာ အကောင်းဆုံးပါ။

ဒီအချက်လေးတွေ လိုက်နာမယ်ဆိုရင် သားသား၊ မီးမီးတို့ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး စိတ်ချလို့ရပါပြီ ဖေဖေ၊ မေမေတို့ရေ…

Ref: Baby Health Care Tips: Hygiene And Skin Care

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top