ခွေးလေးနဲ့အတူ ခြေလျင်ကမ္ဘာပတ်ခဲ့တဲ့ အမျိုးသား

4-7-2022-21.jpg

ခွေးလေးနဲ့အတူ ခြေလျင်ကမ္ဘာပတ်ခဲ့တဲ့ တွမ် တာဆီချ်

နယူးဂျာစီပြည်နယ်က တွမ် တာဆီချ်ဟာ သူ့ရဲ့အပေါင်းအဖော် ခွေးလေးနဲ့အတူ မှတ်တိုင်အသစ်စိုက်ထူနိုင်ခဲ့ပါတယ်။ တွမ်က သူ့ရဲ့ခွေးလေး ဆာဗန်နက်ချ်နဲ့အတူ ခြေလျင်ခရီးနဲ့ ကမ္ဘာပတ်နိုင်ခဲ့တာပါ။ တွမ်က အဲဒီလိုလုပ်နိုင်ခဲ့တဲ့ လူတွေထဲမှာ (၁၀) ယောက်မြောက်ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး ဆာဗန်နက်ချ်ကတော့ ခြေလျင်ကမ္ဘာပတ်နိုင်ခဲ့တဲ့ ပထမဆုံးခွေးလေးဖြစ်ခဲ့ပါတယ်။

တွမ်နဲ့ဆာဗန်နက်ချ်တို့ကို ခြေလျင်ကမ္ဘာပတ်ခရီးကနေ ပြန်ရောက်လာခဲ့တဲ့အတွက် တွမ်ရဲ့သူငယ်ချင်းမိတ်ဆွေ၊ မိသားစုတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။ တွမ်က ခြေလျင်ကမ္ဘာပတ်နိုင်ဖို့ (၇) နှစ်တာ အချိန်ကုန်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက တွစ်ဟာ ဒီကမ္ဘာပတ်ခရီးစဉ်ကို စတင်ဖို့ ပြင်ဆင်နေခဲ့ရတာပါ။

သူ့သူငယ်ချင်း သေဆုံးပြီးတဲ့နောက်မှာ ခြေလျင်ကမ္ဘာပတ်ဖို့ စိတ်ကူးဖြစ်လာခဲ့တယ်

တွမ်က အသက် ၂၆ နှစ်မပြည့်ခင် ၂၀၁၅ခုနှစ် ဧပြီ ၂ ရက်နေ့မှာ ခြေလျင်ကမ္ဘာပတ်ခရီးကို စတင်ခဲ့တာပါ။ တွမ်ဟာ ခရီးစဉ်က (၅) နှစ်ခွဲလောက် ကြာမယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ (၇) နှစ်ကြာခဲ့ပါတယ်။ တွမ် ဖျားနာခဲ့တာကြောင့်ရော ကိုဗစ်ကပ်ရောဂါကြောင့်ပါခရီးစဉ်က လတော်တော်ကြာ ကြန့်ကြာသွားခဲ့ရပါတယ်။

တွမ်က အရင်ဆုံး နယူးဂျာစီကနေ ပနားမားနိုင်ငံကို သွားခဲ့ပါတယ်။ အစကတော့ သူတစ်ယောက်တည်း သွားခဲ့တာပါ။ နောက်မှ အဖော်တစ်ယောက်လိုတာကြောင့် တက္ကဆပ်ပြည်နယ်က တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ခွေးလေး ဆာဗန်နက်ချ်ကို ခေါ်ယူခဲ့ပါတယ်။ တွမ်က ဆာဗန်နက်ချ်နဲ့အတူ ပနားမားနိုင်ငံကနေ မြောက်နဲ့တောင်အမေရိကတိုက်တွေကြားက Darien Gap ဒေသကို သွားခဲ့ပါတယ်။

အဲဒီနောက် ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့၊ ဥရုဂွေးနိုင်ငံ၊ မွန်တီဗစ်ဒီအိုမြို့တွေကို သွားခဲ့တယ်။ ပြီးတော့ အန္တာတိကတိုက်ကို သွားခဲ့ပါတယ်။ဥရောပက ပြန်ရောက်ပြီးနောက် တွမ်တို့က အိုင်ယာလန်နိုင်ငံနဲ့ စကော့တလန်နိုင်ငံတို့ကို ဖြတ်သွားခဲ့ပါတယ်။ အဲဒီနောက် သူ နေမကောင်းဖြစ်ခဲ့တာကြောင့် အမေရိကန်နိုင်ငံက သူ့နေအိမ်ကို ပြန်လာခဲ့ပါတယ်။ ၂၀၁၈ခုနှစ် မေလမှာ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ကနေ ခရီးစဉ်ပြန်စခဲ့ပါတယ်။

တွမ်နဲ့အတူ ခြေလျင်ကမ္ဘာပတ်ခဲ့တဲ့ ဆာဗန်နက်ချ်

ကိုပင်ဟေဂင်မြို့ကနေ အီတလီနိုင်ငံ၊ စလိုဗေးနီးယားနိုင်ငံ၊ ခရိုအေးရှားနိုင်ငံ၊ မွန်တီနိဂရိုးနိုင်ငံ၊ အယ်လ်ဘေးနီးယားနိုင်ငံ၊ ဂရိနိုင်ငံတွေကို ဖြတ်ကျော်သွားခဲ့ပါတယ်။ ဂရိနိုင်ငံပြီးတော့ တူရကီနိုင်ငံကို ဦးတည်သွားခဲ့ပါတယ်။ တူရကီနိုင်ငံမှာ တွမ်က Bosphorus Bridge ကို ခြေလျင်ဖြတ်သွားခွင့်ပြုခံရတဲ့ ပထမဆုံးနိုင်ငံသားဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ဂျော်ဂျီယာနိုင်ငံကို သွားခဲ့ပါတယ်။ ခရီးသွားလာမှုကန့်သတ်ချက်တွေကြောင့် စီစဉ်ထားခဲ့တဲ့ နေရာတော်တော်များများကို မရောက်ဖြစ်ခဲ့ပါဘူး။ တွမ်နဲ့ ဆာဗန်နက်ချ်တို့ဟာ အာရှအလယ်ပိုင်းက ကာဂျစ္စတန်နိုင်ငံကို ခြေလျင်သွားရောက်ခဲ့ပြီးနောက် ၂၀၂၁ခုနှစ် ဩဂုတ်လမှာ ဆီအက်တယ်မြို့ကို ပြန်လာခဲ့တယ်။ အဲဒီကတဆင့် နယူးဂျာစီက သူ့နေအိမ် ပြန်လာခဲ့ပါတယ်။ တွမ်နဲ့ ဆာဗန်နက်ချ်တို့က တိုက်ကြီး (၆) တိုက်နဲ့ နိုင်ငံပေါင်း (၃၈) နိုင်ငံကို အတူတူ ခြေလျင်ခရီးသွားခဲ့ကြတာပါ။ ညဘက်တွေဆို စခန်းချနေထိုင်ခဲ့ကြပါတယ်။

တွမ် တာဆီချ်နဲ့ ဆာဗန်နက်ချ်

အသက် ၁၇ နှစ်မှာ ရေပေါ်လျှော်စီးယာဉ်မတော်တဆမှုနဲ့ တွမ်ရဲ့အရင်းနှီးဆုံးသူငယ်ချင်း အန် မယ်ရီ သေဆုံးသွားခဲ့ပြီးတဲ့နောက်မှာ သူက ဒီခြေလျင်ခရီးထွက်ဖို့ စိတ်ကူးမိသွားခဲ့တာပါ။ သူ့ထက် အများကြီးပိုကောင်းတဲ့လူတစ်ယောက် အခုလိုသေသွားတဲ့အတွက် သူလည်း အချိန်မရွေး သေသွားနိုင်တယ်ဆိုတာကို နားလည်သွားခဲ့တာပါ။ သူ မသေဆုံးခင် သူ့ဘဝမှာ အဓိပ္ပာယ်ရှိတဲ့အခိုက်အတန့်တွေ လိုချင်ခဲ့တယ်။ ဒါကြောင့် တွမ်က ခရီးထွက်ပြီး စွန့်စားမှုတွေလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တွမ်ဟာ ခြေလျင်ကမ္ဘာပတ်တဲ့ ပထမဆုံးပုဂ္ဂိုလ်အဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်ခဲ့တဲ့ စတီဖန် နယူးမန်းအကြောင်း ဖတ်မိခဲ့ပြီးတဲ့နောက်မှာ သူလည်း ဒီစိန်ခေါ်မှုမျိုး လုပ်ဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်။ ခြေလျင်ကမ္ဘာပတ်ဖို့အတွက် (၂) နှစ်လောက် အလုပ်လုပ်ပြီး ပိုက်ဆံစုခဲ့ပါတယ်။ နောက်တော့ ပြည်တွင်းကုမ္ပဏီ Philadelphia Sign က တွမ်ရဲ့အစီအစဉ်အကြောင်း သိသွားခဲ့ပြီး သူ့ခရီးစဉ်အတွက် စပွန်ဆာပေးခဲ့ပါတယ်။

Ref: This Man And His Dog Spent 7 Years Walking Across The World: Know How They Did It

W L( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top