သူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ ဆေးရုံကို ကျေးဇူးပြန်ဆပ်ခဲ့တဲ့ မသန်စွမ်းကလေးလေး

15-7-2020-yyl-034.jpg

ခြေတုနဲ့ ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနေတဲ့ အသက် (၅) နှစ်အရွယ်ကလေးလေး တိုနီ ဟော့ဂျယ်လ်ဟာ အသက်ငယ်ပြီး မသန်စွမ်းဖြစ်နေပေမယ့် မွေးကင်းစအရွယ်တုန်းက သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ London Hospital အပေါ် ကျေးဇူးသိတတ်ခဲ့ပါတယ်။ သူဟာ London Hospital အတွက် ရန်ပုံငွေရှာပေးဖို့ တစ်လလုံး (၈) မိုင် လမ်းလျှောက်ပြီး ကန်ဒေါ်လာ (၁.၂) သန်းကျော် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။

တိုနီ မွေးကင်းစအရွယ်တုန်းက သူ့မိဘအရင်းတွေရဲ့ နှိပ်စက်မှုကြောင့် သေလုနီးပါးဖြစ်ခဲ့ပါတယ်။ (၄၁) ရက်အရွယ်မှာ သူက ကျိုးပဲ့ဒဏ်ရာများစွာရရှိခဲ့ပြီး အင်္ဂါအစိတ်အပိုင်းတွေ ချို့ယွင်းခဲ့ရပါတယ်။ အဲဒီနောက်မှာ Evelina London Children’s Hospital ကို တင်ခဲ့ရပြီး အသက်လုကယ်တင်ခဲ့ရပါတယ်။ (၂) နှစ်အကြာမှာတော့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် တိုနီရဲ့ခြေနှစ်ဖက်လုံး ဖြတ်ထုတ်ပစ်ခဲ့ရပါတယ်။ တိုနီက အခြားကလေးတွေလို မဟုတ်တော့ပေမဲ့ ပျော်ရွှင်စွာ နေထိုင်ခဲ့တယ်လို့ သူ့မွေးစားမိခင် ပေါလ်လာ ဟော့ဂျယ်လ်က ဆိုပါတယ်။

“တိုနီက ကျွန်မတို့မိသားစုဝင်ဖြစ်လာခဲ့ပြီး သူ့ကို ကျွန်မတို့ ချစ်ခင်မြတ်နိုးကြပါတယ်”လို့ ပေါလ်လာက ပြောပါတယ်။ တိုနီရဲ့ခြေထောက်တွေကို ခွဲစိပ်ပြီးတဲ့အခါမှာ ခြေတုအသုံးပြုပြီး လမ်းလျှောက်နိုင်ဖို့အတွက် ပလတ်စတစ်အစွပ်စွပ်ပေးခဲ့ရပါတယ်။ ငယ်ရွယ်လွန်းတဲ့တိုနီအတွက် ခြေတုနဲ့လမ်းလျှောက်ဖို့ဆိုတာ ခက်ခဲတဲ့အလုပ်ပါပဲ။ ဖေဖော်ဝါရီလမှာ ခြေစွပ်တွေအစား ပလတ်စတစ်ခြေတုတွေနဲ့ အစားထိုးခဲ့ပါတယ်။ တိုနီဟာ ပထမဆုံးအနေနဲ့ သူဝတ်ချင်တဲ့ ဖိနပ်တစ်စုံကို ရွေးချယ်နိုင်ခဲ့ပါတယ်။ သူ့မွေးစားမိဘတွေက သူ့ကို ဇွန်လတစ်လလုံး နေ့တိုင်း လမ်းလျှောက်ပြီး သူ့ရဲ့ဒုတိယအိမ်ဖြစ်တဲ့ Evelina London ဆေးရုံအတွက် ရန်ပုံငွေရှာပေးဖို့ စိန်ခေါ်ခဲ့ပါတယ်။

တိုနီက United Kingdom ရဲ့ National Health Service အတွက် လမ်းလျှောက်ပြီး ကန်ဒေါ်လာ သန်း (၄၀) ရအောင်လုပ်နိုင်ခဲ့တဲ့ အသက် (၁၀၀) အရွယ် ကပ္ပတိန် တွမ်ရဲ့ဗီဒီယိုကို တီဗီကနေ မြင်တွေ့ခဲ့ပြီးတဲ့နောက်မှာ တိုနီက Walking Challenge ကို ပြီးမြောက်အောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ပါတယ်။ “ငါ..ဒါကို လုပ်နိုင်တယ်။ ငါ လမ်းလျှောက်နိုင်တယ်။ သူလည်း ငါ့လိုပါပဲ။ ငါ အဲဒီလို လမ်းလျှောက်နိုင်ရမယ်လို့ပဲ တိုနီ ခဏခဏပြောနေခဲ့တာ”လို့ ပေါလ်လာက ပြောပါတယ်။ အင်္ဂလန်နိုင်ငံ၊ West Malling မြို့လေးတစ်ဝိုက်မှာပဲ တိုနီက သူ့မိဘ၊ မောင်နှမတွေနဲ့ စတင်လမ်းလျှောက်ခဲ့ပါတယ်။ နေ့တိုင်း သူ လမ်းလျှောက်တဲ့လမ်းကြောင်းမှာ လူတော်တော်များများက လက်ခုပ်တီးဂုဏ်ပြုပေးကြပါတယ်။ Cele တော်တော်များများဆီကနေလည်း အားပေးပံ့ပိုးပေးတဲ့ စာတွေ လက်ခံရရှိခဲ့ပါတယ်။

တိုနီက အချိန်အကြာကြီးနဲ့ မြန်မြန်လမ်းလျှောက်ခဲ့ပြီး ဇွန်လ (၃၀) ရက်နေ့မှာ ပြီးမြောက်သွားခဲ့ပါတယ်။ တိုနီက (၆) မိုင်လမ်းလျှောက်ပြီး ငွေရာကျော်လောက်ပဲ ရဖို့ မျှော်မှန်းခဲ့တာပါ။ အခုတော့ တစ်လအတွင်းမှာပဲ ကန်ဒေါ်လာ (၁.၂) သန်းရရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ တိုနီက လမ်းလျှောက်တာကို ဒီမှာတင် အဆုံးမသတ်ဘဲ နေ့တိုင်း လမ်းလျှောက်ပြီး ဆက်လက်လှူဒါန်းမှုတွေပြုလုပ်နေတယ်လို့ သူ့မိခင်က ပြောပါတယ်။ တိုနီက တကယ်ကို စံနမူနာယူထိုက်တဲ့သူဖြစ်ကြောင်း၊ တိုနီနဲ့ သူ့ကို ပံ့ပိုးအားပေးခဲ့တဲ့ လူတိုင်းကိုလည်း ကျေးဇူးတင်ကြောင်း Evelina London က ရန်ပုံငွေကောက်ခံမှုတွဲဖက်ဒါရိုက်တာ ကာရိုလိုင်းက ပြောပါတယ်။ ရန်ပုံငွေတွေကို လိုအပ်ချက်ရှိနေတဲ့ ကလေးတွေကို ပံ့ပိုးပေးဖို့ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: This 5-year-old double amputee has raised $1.6 million for a hospital by walking 8 miles

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top