ကိုရိုနာဗိုင်းရပ်စ်ကြောင့် သက်ကြီးရွယ်အိုတွေအတွက် ပစ္စည်းတွေ ပို့ဆောင်လှူဒါန်းပေးနေတဲ့ ၇ နှစ်အရွယ်ကောင်လေး

6-4-2020-yyl-038.jpg

ကာဗာနော့ချ် ဘဲလ် ဆိုတဲ့ အသက် ၇ နှစ်အရွယ်ကောင်လေးဟာ COVID-19 ဖြစ်ပွားနေစဉ်အတွင်းမှာ လုပ်ဆောင်ချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူက အခြားသူတွေကို ကူညီဖို့နဲ့ သူတို့ရဲ့နောက်မှာ သူရှိနေတာကို သိစေဖို့ပါပဲ။ အချိန်အတိုင်းအတာတစ်ခုထိ ကိုရိုနာဗိုင်းရပ်စ်ကို ရှောင်ရှားဖို့အတွက် မေရီလန်းပြည်နယ်က လူတွေဟာ အိမ်မှာ နေရတဲ့အခါမှာ စိတ်ဓာတ်မွန်မြတ်တဲ့ အဲဒီကောင်လေးဟာ သူတို့အတွက် ကျန်းမာရေးပစ္စည်းတွေ ပါတဲ့အထုပ်တွေ ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အထုပ်မှာ သန့်စင်ခန်းသုံးစက္ကူ ၊ Wipe တစ်ရှုး၊ တစ်ကိုယ်ရည်သုံးပစ္စည်းနဲ့ အစားအစာတွေပါဝင်ပါတယ်။ ဘဲလ်ဟာ သူ့ရဲ့အဘွားက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနိုင်ခြေ အသက်အပိုင်းအခြားမှာ ပါဝင်တာကို နားလည်ပြီးတဲ့နောက် ဒီစိတ်ကူးရရှိခဲ့တာဖြစ်ပါတယ်။ “တစ်နေ့မှာ ကျွန်တော့်ရဲ့အဘွားအကြောင်း စဉ်းစားနေခဲ့ပြီး “အို မာမီ ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေတဲ့အတွက် သူမ ကုန်စုံဆိုင်ကို မသွားသင့်တော့ဘူး။ သူက ကျွန်တော့်ရဲ့အကောင်းဆုံးသူငယ်ချင်းပါပဲ” လို့ ဘဲလ်က ပြောပါတယ်။

သူ့အဘွားကို ကူညီပေးပြီးနောက်မှာ အပြုံးချိုပြီး ကြင်နာတတ်တဲ့နှလုံးသားနဲ့ ဘဲလ်ဟာ သူ့အဘွားရဲ့ အိမ်နီးနားချင်းတွေကို ကြည့်ပြီး စိုးရိမ်လာခဲ့ပါတယ်။ “သူက လူတိုင်းကို လုံလုံလောက်လောက်မပေးနိုင်တဲ့အတွက် အရမ်း စိတ်မကောင်းဖြစ်ခဲ့ပါတယ်” လို့ ဘဲလ်ရဲ့အမေက ပြောပါတယ်။ ဒါကြောင့် ဘဲလ်က ပထမဆုံးပစ္စည်းထုပ်တွေကို ဝယ်ယူဖို့အတွက် စုထားတဲ့ ဒေါ်လာ ၆၀၀ ကို အသုံးပြုခဲ့ပါတယ်။ “သူ့စုငွေထဲကနေ ဘယ်လောက် သုံးချင်လဲလို့ သူကို မေးခဲ့ပါတယ်။ ဒေါ်လာ ၅၀ လား ဒေါ်လာ ၁၀၀ လား။ သူက အကုန်လုံးကို သုံးမယ်လို့ ပြောပါတယ်” တဲ့။

ဘဲလ်က သက်ကြီးရွယ်အိုတွေဆီ ပို့ဆောင်ဖို့အတွက် ပစ္စည်းအထုပ်၁၀၀ ကျော်ကို စုဆောင်းခဲ့ပါတယ်။ ဘဲလ်ရဲ့မွန်မြတ်တဲ့အလုပ်အကြောင်းက ပျံနှံ့သွားခဲ့တဲ့အခါမှာ လှူဒါန်းမှုတွေက များလာခဲ့ပါတယ်။ အဲဒါက အဖွဲ့အစည်းပရောဂျက်အဖြစ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘဲလ်နဲ့သူ့အမေတို့ကသာ ပစ္စည်းပို့ဆောင်ပေးခဲ့တာပါ။ လှူဒါန်းမှုတွေများလာတာနဲ့ ဘဲလ်နဲ့ သူ့အမေတို့က Gaitherburg မှာ ပစ္စည်းသိုလှောင်ရာအခန်းတစ်ခု စီစဉ်ခဲ့ရပါတယ်။ “ကျွန်မတို့တွေက လူထောင်ပေါင်းများစွာကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လှူဒါန်းမှုတွေ ကုန်သွားတဲ့အထိ ကပ်ရောဂါကြီး ပြီးဆုံးသွားတဲ့အထိ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်”လို့ ဘဲလ်ရဲ့အမေက ပြောပါတယ်။ ဘဲလ်ရဲ့လှူဒါန်းမှုမှာ ပါဝင်ချင်ရင် သူ့ရဲ့ GoFundMe အကောင့်မှာ လှူဒါန်းပေးလို့ရတယ်လို့ သိရပါတယ်။

Ref: This 7-year-old is making and delivering care packages to the elderly shut in by the coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top