သူတို့ရဲ့အဝတ်လျှော်ဆိုင်မှာ ကျန်ခဲ့ပြီး မလာယူဖြစ်တော့တဲ့ အဝတ်တွေကို ဝတ်ဆင်ကာ ဓာတ်ပုံရိုက်လေ့ရှိတဲ့ အဘိုးအဘွားစုံတွဲ

14-11-2022yyl16.jpg

တချို့လူတွေဟာ အဝတ်လျှော်ဆိုင်မှာ သူတို့ရဲ့အဝတ်တွေလာယူဖို့ မေ့တတ်ကြပါတယ်။ ထိုင်ဝမ်နိုင်ငံက ဒီအဘိုးအဘွားစုံတွဲရဲ့အဝတ်လျှော်ဆိုင်မှာလည်း မေ့ပြီး လာမယူဖြစ်တဲ့ အဝတ်တွေရှိပါတယ်။ သူတို့ကတော့ အဲဒီအဝတ်တွေကို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး Wan Sho Laundry အဝတ်လျှော်ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ ၈၄ နှစ်အရွယ် ဆုစူအီနဲ့ ၈၃ နှစ်အရွယ် ချန်ဝမ်ဂျီတို့စုံတွဲဟာ သူတို့ရဲ့ဆိုင်မှာ ကျန်ခဲ့တဲ့ အဝတ်အစားတွေကို အသုံးပြုပြီး ဖက်ရှင်အလန်းတွေနဲ့ ဓာတ်ပုံရိုက်ကာ သူတို့ရဲ့မြေးလေးရဲ့အကူအညီနဲ့ အင်စတာဂရမ်မှာ တင်ခဲ့ကြပါတယ်။

သူတို့ရဲ့မြေးလေး ရီချန်က သူတို့ကို လာမယူဖြစ်တော့တဲ့ အဝတ်အစားတွေဝတ်ဆင်ပြီး ဓာတ်ပုံတွေမျှဝေဖို့ တိုက်တွန်းခဲ့ပြီးတဲ့နောက်မှာ သူတို့ရဲ့ဓာတ်ပုံတွေက လူစိတ်ဝင်စားမှုများလာခဲ့ပါတယ်။ သူတို့မိသားစုမှာ အဲဒီလိုအဝတ်အစားတွေရှိနေကတည်းက လာမယူဖြစ်တဲ့လူတွေကို သူတို့ရဲ့အဝတ်အစားတွေလာယူဖို့ သတိပေးနိုင်သလို ဒီအသက်အရွယ်မှာ သူတို့ရဲ့ဘဝက ကောင်းမွန်နေသေးတယ်ဆိုတာကို သူ့ရဲ့အဘိုးအဘွားကို သတိပေးရာလည်းရောက်နိုင်တယ်လို့ တွေးမိခဲ့ကြောင်း ရီချန်က ဆိုပါတယ်။

အဘိုးနဲ့အဘွားဟာ ငယ်ရွယ်စဉ်တုန်းက ဖက်ရှင်ကျကျနေခဲ့ပေမဲ့ ယနေ့ခေတ်ဖက်ရှင်ပုံစံကို နားမလည်ပါဘူး။ ဒါကြောင့် အသက်အရွယ်က ဖက်ရှင်ကျကျနေဖို့အတွက် အတားအဆီးမဟုတ်သလို အဝတ်ဟောင်းတွေကတောင် စတိုင်ကျတဲ့ဝတ်စုံဖြစ်အောင် ဖန်တီးနိုင်တယ်ဆိုတာကို လူတိုင်းသိစေဖို့အတွက် သူတို့ရဲ့ဖက်ရှင်ကို တဖန်ပြန်ဆန်းသစ်စေချင်ခဲ့တာလို့ ရီချန်က ပြောပါတယ်။

ရီချန်က သူငယ်ချင်းတွေ၊ မိသားစုတွေဆီက အကြံဉာဏ်နဲ့ အဝတ်အစားတွေကို လိုက်ဖက်စွာ တွဲစပ်ခဲ့ပါတယ်။ သူ့ရဲ့အဘိုးအဘွားတွေကို ဝတ်ဆင်ခိုင်းခဲ့ပြီး ဓာတ်ပုံတွေရိုက်ပေးခဲ့ပါတယ်။ အသက် ၈၀ ကျော်အရွယ်မှာတောင် သူတို့နှစ်ဦးက ခပ်လန်းလန်းပုံစံတွေနဲ့ pose ပေးကြပါတယ်။ ပထမတော့ သူတို့က ဖောက်သည်တွေရဲ့အဝတ်အစားတွေကို ဝတ်ဆင်ဖို့ မလွယ်ကူခဲ့ပါဘူး။

သူတို့စုံတွဲရဲ့အကြီးမားဆုံးပျော်ရွှင်မှုဟာ ဖက်ရှင်ကျကျနဲ့ ပျော်ပျော်ရွှင်ရွှင်နေတာက အသက်အရွယ်မရွေးလုပ်လို့ရတယ်ဆိုတာကို လူတွေယုံကြည်လာဖို့ တွန်းအားပေးတာပါပဲ။ သူတို့က အခုလို ဖက်ရှင်ကျကျအဝတ်အစားတွေဝတ်ပြီး ဓာတ်ပုံရိုက်တာကနေ အနားယူဖို့ အစီအစဉ်မရှိသေးပါဘူး။ ရီချန်ရဲ့ဆုလာဘ်က အဘိုးအဘွားတွေရဲ့အပြုံးကို မြင်ရရုံသာမက သက်ကြီးရွယ်အိုချစ်ခင်ရသူတွေနဲ့ ပိုပြီးအချိန်ကုန်ဆုံးပေးဖို့ အခြားသူတွေကို မရည်ရွယ်ဘဲ တိုက်တွန်းအားပေးနေတာလည်းဖြစ်ပါတယ်။ ဖက်ရှင်အလန်းနဲ့ အဘိုးနဲ့အဘွားတို့ရဲ့ဓာတ်ပုံတွေကို အင်စတာဂရမ်အကောင့် wantshowasyoung မှာ မြင်တွေ့ရနိုင်ပါတယ်။

Ref: Upworthy “This elderly couple from Taiwan curates high-fashion from clothes left behind at their laundry store”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top