နစ်ဗူအီချစ် (သို့မဟုတ်) အရှုံးမပေးခြင်းရဲ့ပြယုဂ်

19-5-2022-yyl-01.jpg

” ငါ မဖြစ်လောက်ပါဘူးကွာ၊ ငါ အသုံးမကျဘူးကွာဆိုတဲ့ အတွေးက လိမ်ညာမှုသက်သက်ပါပဲ” . . .။ ဒါကတော့ ကမ္ဘာကျော်ဟောပြောသူ နစ်ဗူအီချစ်ရဲ့ အထင်ကရစကားတစ်ခွန်းပါ။ နစ်ဗူအီချစ်ဟာ ”အရှုံးမပေးခြင်းရဲ့ပြယုဂ်”ပဲ။

မွေးကတည်းက ခြေတွေ၊ လက်တွေ ပါမလာဘူး။ မွေးမွေးချင်း သူ့ကို မြင်လိုက်ရတော့ သူ့အဖေဆို ကြက်သေသေနေတာ၊ သတိလစ် လဲကျသွားမတတ်ပဲ။ သူ့အမေကတော့ ၄ လကြာတဲ့အထိ သူ့ကို ကြည့်လည်းမကြည့်၊ ချီလည်း မချီဘူး။ နစ်က ဘဝတစ်လျှောက်လုံး အိပ်ရာပေါ်မှာပဲ နေနေရလိမ့်မယ်လို့ ဆရာဝန်တွေက ပြောခဲ့ကြတယ်။

ဒါပေမဲ့ နစ်ရဲ့မိဘတွေက အလျှော့မပေးဘူး။ နစ်ကို စိတ်ဓာတ်ကြံ့ခိုင်လာအောင်၊ ယုံကြည်မှုရှိလာအောင် ဘာမဆို စမ်းလုပ်ကြည့်ခိုင်းတယ်။ မသန်စွမ်းကျောင်းမှာတောင် မထားဘူး။ အစိုးရကျောင်းပဲ ပို့တယ်။ ဒီတော့ နစ်က ကျောင်းမှာ အနိုင်ကျင့်၊ လှောင်ပြောင်ခံရတယ်။ သူ ခံစားရတဲ့ စိတ်ဒဏ်ရာတွေကြောင့် ရေချိုးဇလုံထဲမှာ ကိုယ့်ကိုယ်ကိုယ် ရေနစ်သတ်ဖို့တောင် ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ တစ်ကြိမ်မက ကြိုးစားခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ သူချစ်ရတဲ့သူတွေကို မနာကျင်စေချင်လို့ အရှိတရားကို လက်ခံပြီး ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်းဖို့ သူ သံန္နဋ္ဌာန် ချလိုက်တယ်။

သူ့မှာ ခြေထောက်သေးသေးလေး တစ်ဖက်ပါတယ်။ မွေးစတုန်းကတော့ ခြေချောင်းတွေက ပူးနေတာ။ နောက်တော့ ခွဲစိတ်မှုလုပ်လိုက်လို့ ခြေချောင်းလေးတွေကို လက်လိုမျိုး အသုံးပြုနိုင်ခဲ့တာပါ။ အဲဒီခြေချောင်းလေးတွေကိုသုံးပြီး စာရေးတယ်၊ ကွန်ပျူတာသုံးတယ် (တစ်မိနစ်ကို စာလုံးရေ ၄၃ လုံးလောက် ရိုက်နိုင်တယ်)။ (သူက ဘောလုံးကန်၊ ရေလှိုင်းစီး၊ ဂေါ့ဖ်ရိုက် စွယ်စုံရသူပါ)။

၁၇ နှစ်အရွယ်မှာ အထက်တန်းကျောင်း ကျောင်းစောင့်ကြီးနဲ့ စကားပြောဖြစ်ခဲ့တာက သူ့ဘဝရဲ့ တစ်ဆစ်ချိုး အပြောင်းအလဲပါပဲ။ ကျောင်းစောင့်ကြီးက နစ်ကို ဟောပြောသူဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တယ်။ နောက် ၄ လကြာတော့ နစ်ကို လူ ၁၀ ယောက်ရှေ့မှာ အတင်းစကားပြောခိုင်းခဲ့တယ်။ အဲဒီကစပြီး နစ်က ဟောပြောရေးလမ်းကြောင်းပေါ် ရောက်သွားခဲ့တာပဲ။

အသက် ၂၁ နှစ်အရွယ်မှာ ဂရစ်ဖစ်တက္ကသိုလ်ကနေ စီးပွားရေးဘွဲ့ရပြီး ၂၀၀၅ ခုနှစ်မှာ သူ့လို အခြေအနေ ကြုံရသူတွေကို ကူညီပေးနိုင်ဖို့ Life Without Limbs အဖွဲ့အစည်းကို တည်ထောင်ခဲ့တယ်။ နောက် ၂ နှစ်ကြာတော့ Attitude is Altitude ဆိုတဲ့ စိတ်ဓာတ်ခွန်အားမြှင့်တင်မှု ဟောပြောရေးကုမ္ပဏီကို ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၆၀ ကျော်ကို သွားရောက်ဟောပြောခွင့် ရခဲ့တယ်။

သူက စာတွေလည်း ရေးတယ်။ သူ့ရဲ့ပထမဆုံးစာအုပ် (Life Without Limits: Inspiration for a Ridiculously Good Life) ကတော့ နယူးယော့ခ်တိုင်းမ်ရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်စာရင်းမှာ ပါဝင်ခဲ့ပြီး ဘာသာပေါင်း ၃၂ ဘာသာကို ပြန်ဆိုထုတ်ဝေရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ စုစုပေါင်းစာအုပ် ၈ အုပ် ရေးခဲ့တာပါ။ နစ်ဟာ ၂၀၁၂ ခုနှစ်မှာတော့ ဂျပန်နွယ်ဖွား အမေရိကန်နိုင်ငံသား ကာနာအီမီယာဟာရာနဲ့ အိမ်ထောင်ကျပြီး သား ၂ ယောက်၊ သမီး ၂ ယောက် ထွန်းကားခဲ့ပါတယ်။

သူကိုယ်တိုင်က အရှုံးမပေးခြင်းရဲ့ပြယုဂ်ဖြစ်နေလို့ ဟောပြောပွဲတိုင်းမှာ နစ်ဗူအီချစ်ရဲ့ စကားလုံးတွေက စိတ်ဓာတ်ခွန်အား ဖြစ်စရာတွေချည်းပါပဲ။ နစ် ပြောသမျှထဲမှာ အနှစ်သက်ဆုံး စကားတစ်ခွန်းနဲ့ နိဂုံးချုပ်ရမယ်ဆိုရင်တော့ ” ဘဝရဲ့ စိန်ခေါ်မှုတွေဆိုတာ ကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကို ခိုင်မာအားကောင်းလာစေဖို့ပါ။ ကျွန်တော်တို့ကို နင်းဖြတ်ကျော်လွှားသွားဖို့ မဟုတ်ဘူး”လို့ပဲ ဆိုပါရစေ။

Ref: Nick Vujicic

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top