သခင်တွေနဲ့ ပြန်တွေ့ချိန်မှာ အပြေးလာပြီး ပွေ့ဖက်ခဲ့တဲ့ ခြင်္သေ့ကြီး ခရစ်ယာန်

27-6-2022-yyl03.jpg

သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ သခင်နှစ်ယောက်နဲ့ ပြန်တွေ့ချိန်မှာ ခြင်္သေ့ကြီးက ချစ်စရာခွေးသားပေါက်လေးတစ်ကောင်လို ပွေ့ဖက်၊ ပွတ်သပ်နေတဲ့ မြင်ကွင်းက လူသန်းပေါင်းများစွာရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့ဖူးပါတယ်။

အေ့စ်ဘော့ခ်နဲ့ ဂျွန်ရန်ဒဲလ်တို့ သူငယ်ချင်းနှစ်ယောက်က သြစတြေးလျကနေ လန်ဒန်ကို ရောက်လာသူတွေပါ။ တစ်နေ့မှာတော့ သူတို့က ဟာရော့ဒ်(Harrods) ကုန်တိုက်ကို သွားရင်း ဒုတိယထပ်က လှောင်အိမ်ထဲမှာ ခြင်္သေ့သားပေါက်လေး ၂ ကောင်ကို တွေ့ခဲ့တာပါ။ အဲဒီခြင်္သေ့သားပေါက်လေး ၂ ကောင်ဟာ သူတို့အမေ ခြင်္သေ့မကြီးက အကပ်မခံလို့ တိရစ္ဆာန်ရုံဝန်ထမ်းတွေက ကုန်တိုက်ကို ရောင်းပစ်ခဲ့တာပါ။

အေ့စ်နဲ့ ဂျွန်တို့က ခြင်္သေ့ပေါက် အထီးလေးကို ကုန်တိုက်ကနေ တောင်းဝယ်ခဲ့ကြပါတယ်။ ခရစ်ယာန်လို့ အမည်ပေးထားတဲ့ ခြင်္သေ့ပေါက် လေးက သူတို့နဲ့ သွားအတူ၊ စားအတူ၊ ကစားအတူ ဖြစ်ခဲ့ပါတယ်။ အေ့စ်နဲ့ ဂျွန်တို့က ခရစ်ယာန်ကို ကလေးလေးတစ်ယောက်လို ချစ်ကြပေမဲ့ အကောင်ကြီးလာချိန်မှာတာ့ ပတ်ဝန်းကျင်အခြေအနေကြောင့် သူတို့အခန်းမှာ ဆက်ထားဖို့ မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ ဂျော့အဒမ်ဆန်ရဲ့ အကူအညီနဲ့ ခရစ်ယာန်ကို ကင်ညာနုင်ငံက ဘေးမဲ့တောထံ ပို့ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ခရစ်ယာန်က တစ်နှစ်သားအရွယ် ရှိပါပြီ။

နောက်တစ်နှစ်အကြာမှာတော့ ခရစ်ယာန်ကို လွမ်းနေတဲ့ အေ့စ်နဲ့ ဂျွန်တို့က ကင်ညာနိုင်ငံ ဘေးမဲ့တောကို သွားခဲ့ကြပါတယ်။ ”ခရစ်ယာန်က မင်းတို့ကို မေ့နေလောက်ပြီ”လို့ ဂျော့အဒမ်ဆန်က ပြောပေမဲ့ အေ့စ်နဲ့ ဂျွန်တို့ကတော့ သူတို့သားလို မွေးခဲ့တဲ့ ခရစ်ယာန်ဆီ ရောက်အောင် သွားခဲ့ကြပါတယ်။

ခရစ်ယာန်က သူတို့ကို တွေ့တွေ့ချင်း အကဲခပ်နေပြီး ဖြည်းဖြည်းချင်း ရှေ့တိုးလာခဲ့ပေမဲ့ သူ့သခင်တွေကို မှတ်မိသွားချိန်မှာတော့ အပြေးလာပြီး ပွေ့ဖက်ခဲ့တာပါ။ အဲဒီမြင်ကွင်းကို ရုပ်သံမှတ်တမ်း ရိုက်ကူးထားခဲ့ပြီး ၂၀၀၂ ခုနှစ်က ပထမဆုံးအကြိမ် ထုတ်လွှင့်ပြသချိန်မှာ ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာရဲ့ နှလုံးသားကို လှုပ်ကိုင်နိုင်ခဲ့ပါတယ်။

အေ့စ်နဲ့ ဂျွန်တို့ ခရစ်ယာန်ထံ ပထမအကြိမ် သွားရောက်ခဲ့တာက ၁၉၇၁ ခုနှစ်ဖြစ်ပြီး ၁၉၇၃ ခုနှစ်မှာ သူတို့က ခရစ်ယာန်ထံကို ဒုတိယအကြိမ် သွားခဲ့ပါသေးတယ်။ အဲဒီအကြိမ်မှာလည်း ပထမအကြိမ်ကအတိုင်းပဲ ခရစ်ယာန်က သူတို့ဆီ အပြေးလာပြီး ပွေ့ဖက်ခဲ့ပြန်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ခရစ်ယာန်ကို အဲဒီနေရာတစ်ဝိုက်မှာ မမြင်ရတော့ပါဘူး။ ဒါပေမဲ့ နှစ်ကာလတွေ ကြာမြင့်သွားချိန်မှာတော့ သခင်တွေအပေါ် သစ္စာရှိတဲ့ သူ့အကြောင်းကတော့ ဆယ်စုနှစ်များစွာကြာတဲ့အထိ ပြောစမှတ် တွင်နေဆဲပါပဲ။

Ref: This Lion’s Emotional Reunion With The Men Who Raised Him Will Make You Shed Tears Of Joy

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top