ဆာလောင်မွတ်သိပ်မှုပြဿနာကို ဒေါ်လာ ၆ ဘီလျံနဲ့ ဖြေရှင်းပေးနိုင်ရင် Tesla ရှယ်ယာတွေကို ချက်ချင်းထုတ်ရောင်းပေးမယ်လို့ အီလွန်မက်စ် ပြော

11-1-2021yyl18.jpg

သူ့ရဲ့ဝင်ငွေ ၂ ရာခိုင်နှုန်းသာ လှူပေးရင် ကမ္ဘာ့ဆာလောင်မွတ်သိပ်မှု ပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆိုတဲ့ ကုလသမဂ္ဂ အရာရှိတစ်ယောက်က သူ့စကားသူ သက်သေပြနိုင်ရင် Tesla ရှယ်ယာတွေကို ထုတ်ရောင်းပေးသွားမယ်လို့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေးဗစ်ဘီယက်စလေရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး အီလွန်မက်စ်က အခုလို တုံ့ပြန်ခဲ့တာပါ။

” အစိုးရတွေလည်း ငွေကြေးပြတ်လပ်ကုန်ကြပြီ။ ဒါကြောင့် ဒီအချိန်မှာ ဘီလျံနာတွေက ပိုကူညီပေးကြဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ မကူရင် သေရတော့မယ့် လူ ၄၂ သန်းကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၆ ဘီလျံ လိုပါတယ်။ ဒါက ရှုပ်ထွေးပွေလီတဲ့ကိစ္စမဟုတ်ဘူး။ ဂျက်ဘီဇို့စ်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာတဲ့ အီလွန်မက်စ်အတွက် ဂုဏ်ယူပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် အောင်ပွဲခံဖို့ ခင်ဗျားကို တစ်သက်မှာ တစ်ကြိမ်ပဲရမယ့် အခွင့်အရေးတစ်ခု ပေးချင်တယ်။ အစာငတ်ပြီး သေရမယ့် လူ ၄၂ သန်းကို ကယ်တင်ပေးဖို့ ကျွန်တော်တို့ကို အမေရိကန်ဒေါ်လာ ၆.၆ ဘီလျံပဲ ကူညီပေးပါ။ ဒီကမ်းလှမ်းမှုကို လက်ခံဖို့ အချိန်သိပ်မကျန်သလို လူ့အသက်တွေအတွက်လည်း အချိန်သိပ်မကျန်တော့ပါဘူး” လို့ ဒေးဗစ်ဘီယက်စလေက အခုလ အစောပိုင်းမှာ ရေးသားခဲ့တာပါ။

Bloomberg သတင်းဌာနက ဖော်ပြတဲ့ ဘီလျံနာအညွှန်းကိန်းတွေအရ Tesla နဲ့ SpaceX ကုမ္ပဏီ အမှုဆောင်ချုပ် အီလွန်မက်စ်ဟာ အသားတင်ချမ်းသာမှု အမေရိကန်ဒေါ်လာ ၃၀၂ ဘီလျံနဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေပြီး ဒုတိယနေရာက ဂျက်ဘီဇို့စ်ထက် ဘီလျံ ၁၀၀ ကျော် ပိုချမ်းသာပါတယ်။

” အမေရိကန်ဒေါ်လာ ၆ ဘီလျံနဲ့ ကမ္ဘာ့ဆာလောင်မွတ်သိပ်မှု ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ရှင်းပြပေးနိုင်မယ်ဆိုရင် Tesla ရဲ့ စတော့ရှယ်ယာတွေကို အခုချက်ချင်း ရောင်းပြီး ကျွန်တော် ကူညီပေးသွားပါမယ်။ ဒါပေမဲ့ အဲဒီငွေကို ဘယ်လိုသုံးလဲဆိုတာတော့ လူသိရှင်ကြား ဖော်ပြပေးရမယ်။ ဒါမှ အများပြည်သူ သိရမှာလေ” လို့ အီလွန်မက်စ်က တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်မှာ လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla က အမေရိကန်ဒေါ်လာ ၁ ထရီလျံကျော် တန်ကြေးရှိတဲ့ ကုမ္ပဏီစာရင်းမှာ ပါဝင်လာခဲ့ပြီး အီလွန်မက်စ်ရဲ့ ချမ်းသာကြွယ်ဝမှုကလည်း အောက်တိုဘာလ ၂၉ ရက် တစ်ရက်တည်းမှာတင် အမေရိကန်ဒေါ်လာ ၉.၃ ဘီလျံ တိုးပွားခဲ့ပါတယ်။

Ref: Dailymail “Elon Musk says he’ll sell Tesla stock if UN official can prove how $6billion from world’s richest man will solve world hunger”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top